မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုစင်တာများမှ ကယ်တင်ခံရပြီး အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လာသည့် နိုင်ငံသား ၅၅၀ ခန့်ကို အင်ဒိုနီးရှားအာဏာပိုင်များက စစ်ဆေးမေးမြန်းသွားမည်ဟု သိရသည်။
အင်ဒိုနီးရှား၏ လုံခြုံရေးဝန်ကြီး ဘူဒီ ဂူနာဝါန်က သတင်းစာရှင်းလင်းပွဲတွင် မြဝတီမှ ထိုင်းမှတစ်ဆင့် ဂျကာတာလေဆိပ်သို့ မနက်ပိုင်းတွင် ၂၀၀ ခန့်၊ နေ့လယ်ပိုင်းတွင် နောက်ထပ် ၂၀၀ ခန့် ရောက်ရှိလာကြောင်း၊ ဗုဒ္ဒဟူးနေ့တွင်လည်း ၁၅၄ ဦး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ရာဇဝတ်မှုစင်တာများကို ဖြိုခွင်းပြီးနောက် အိမ်ပြန်လာသူများအနက် အကြီးမားဆုံးအုပ်စုဖြစ်သည်။ ယခုလွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း မြဝတီရှိ လိမ်လည်မှုစင်တာများမှ လွတ်မြောက်လာသူ ၇,၀၀၀ ကျော်တွင် ၎င်းတို့ပါဝင်ကြောင်း သိရသည်။
ပြန်လာသူ ၅၅၄ ဦး (အမျိုးသမီး ၁၀၅ ဦး၊ အမျိုးသား ၄၄၉ ဦး) ကို ဟဂျ်ဘုရားဖူးများအတွက် သီးသန့်ထားရှိသည့် နေရာတွင် ခေတ္တထားရှိကာ ရဲများက စစ်ဆေးမည်ဖြစ်သည်။ သူတို့အနက် သားကောင်များနှင့် ပြစ်မှုတွင်ပါဝင်သူများကို ခွဲခြားသိရှိရန် အကဲဖြတ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ တရားဥပဒေအရ အရေးယူမှုများကိုလည်း ဆောင်ရွက်မည်ဟု ဆိုသည်။ အချို့သော ပြန်လာသူများသည် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဓာတ်လိုက်ဒဏ်ခံရခြင်းနှင့် ကိုယ်အင်္ဂါဖြတ်ယူမည်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုလအစောပိုင်းက မြန်မာမှ အင်ဒိုနီးရှားနိုင်ငံသား ၈၄ ဦး ပြန်လာခဲ့ပြီး ၇၀ ဦးမှာ ဖမ်းဆီးခံထားရဆဲ (သို့မဟုတ်) ပြန်လာရန် ငြင်းဆန်နေကြောင်း သိရသည်။
အင်ဒိုနီးရှားအပြင် တရုတ်နှင့် အိန္ဒိယတို့ကလည်း ၎င်းတို့၏နိုင်ငံသားများကို မြဝတီမှ ပြန်လည်ခေါ်ယူခဲ့သော်လည်း အာဖရိကနိုင်ငံများအပါအဝင် ထောင်ချီသော လူများမှာ ယခုထိတိုင်း ကျန်ရှိနေဆဲဖြစ်သည်။
“လူမှုကွန်ရက်ပေါ်တွင် မိတ်ဆွေဖွဲ့တဲ့အခါ သတိထားပါ။ ကျွန်တော်က လူမှုကွန်ရက်ရဲ့ သားကောင်တစ်ဦးပါ”ဟု ဒီအန်း အမည်ရှိ လွတ်မြောက်လာသူတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်းနယ်စပ်နှင့်ကပ်လျက် တည်ရှိသော မြဝတီမြို့ရှိ လိမ်လည်မှုစင်တာများသည် တစ်နှစ်လျှင် ဒေါ်လာဘီလီယံချီသည့် မတရားဝင်ဝင်ငွေများရရှိရန် လူပေါင်းသိန်းချီကို လူကုန်ကူးသော အရှေ့တောင်အာရှကြီးစိုးရာဇဝတ်ဂိုဏ်းများ၏ ကွန်ရက်တစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂမှ ဖော်ပြခဲ့သည်။
Source: BKK Post
