မွန်ပြည်နယ်၊ သထုံမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် စုဆောင်းပေနေသည်ဟု စွပ်စွဲခံရသော စစ်မှုထမ်းဟောင်းနှင့် မိသားစုဝင်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပစ်ခတ်မှုဖြစ်ပွားကာ သေဆုံးသွားခဲ့သည်။
PDF မှ တာဝန်ရှိသူတစ်ဦးက “သူတို့တွေဟာ လူငယ်တွေကို ဖမ်းဆီးတာ၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်နေတယ်။ ဒီလိုလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ သတိပေးချင်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်မှာ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် PDF တပ်ဖွဲ့ဝင်များသည် သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ရာအိမ်မှူး ကျော်သူဟိန်း၏ နေအိမ်သို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျော်သူဟိန်းသည် စစ်ကောင်စီ၏ လူငယ်များအား အတင်းအကျပ် စစ်မှုထမ်းခိုင်းရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု သတင်းရရှိထားခြင်းကြောင့် ဆိုသည်။
သို့သော် ကျော်သူဟိန်းသည် အိမ်တွင်မရှိဘဲ လွတ်မြောက်သွားခဲ့ပြီး ၎င်း၏ ဖခင်ဖြစ်သူ စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ချွေးမဖြစ်သူ နွယ်နွယ်ဝင်းတို့အား PDF တပ်ဖွဲ့က ဖမ်းဆီးပြီး သယ်ဆောင်လာစဉ် လမ်းခုလတ်တွင် ကြည်ဇော်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ကို လုယူရန် ကြိုးပမ်းခဲ့ပြီး နွယ်နွယ်ဝင်းကလည်း ကားပေါ်မှ ခုခံပြေးခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်သည်။
ကြည်ဇော်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီအတွက် သတင်းပေးအဖြစ် လုပ်ကိုင်နေသူဖြစ်ကာ လူငယ်များအား အတင်းအကျပ် စစ်မှုထမ်းရန် စုဆောင်းပေးနေသူဟု PDF မှ စွပ်စွဲထားသလို နွယ်နွယ်ဝင်းမှာလည်း ၎င်း၏ ခင်ပွန်းဖြစ်သူ ကျော်သူဟိန်း၏ အာဏာကို အသုံးချကာ ရပ်ကွက်နေပြည်သူများအား အနိုင်ကျင့်နေသူဖြစ်သည်ဟု ဆိုသည်။
PDF တပ်ဖွဲ့သည် ကျော်သူဟိန်း၏ နေအိမ်မှ သက်သေအထောက်အထားများကို သိမ်းဆည်းရယူခဲ့ကြောင်း၊ ယင်းတို့တွင် ကျော်သူဟိန်း၏ ရာအိမ်မှူးခန့်အပ်စာ၊ ကြည်ဇော်၏ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ၊ နွယ်နွယ်ဝင်း၏ မှတ်တမ်းစာရွက်များ၊ ပြည်သူများထံမှ မတရားအတိုးနှုန်းဖြင့် ချေးငွေများအား မှတ်တမ်းတင်ထားသော စာရင်းဇယားများ၊ ရွှေဘောင်ချာများနှင့် ဆိုင်ကယ်တစ်စီးတို့ ပါဝင်ကြောင်း တွေ့ရသည်။
PDF သည် လက်ရှိ လွတ်မြောက်နေသော ကျော်သူဟိန်းအပြင် သထုံမြို့တွင်းရှိ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဒေါက်တိုင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူငယ်များအား အတင်းအကျပ် စစ်မှုထမ်းခိုင်းနေသူများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့သည်။
ဓာတ်ပုံ – သိမ်းဆည်းရရှိထားသော သက်သေအထောက်အထားများ။
