ကိုးကန့် MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လားရှိုးဒေသတွင် ပြည့်တန်ဆာလုပ်ငန်းများကို တရားဝင်ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။
ယခုကဲ့သို့ ခွင့်ပြုမှုသည် မြန်မာနိုင်ငံ၏ ပြဋ္ဌာန်းဥပဒေများနှင့် သိသိသာသာ ဆန့်ကျင်နေပြီး နိုင်ငံတော်ဗဟိုအစိုးရ၏ ထိန်းချုပ်မှုမှ ကင်းကွာသည့် ကိုးကန့်ဒေသ၏ သီးခြားလုပ်ဆောင်ချက်အဖြစ် မီးမောင်းထိုးလျက်ရှိသည်။
“လားရှိုးမှာ ပြည့်တန်ဆာဆိုင်တွေကို လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ပေါ်ပေါ်တင်တင် ခွင့်ပြုနေပြီ။ သီးသန့်နေရာ သတ်မှတ်ပေးထားတယ်” ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းနှင့်ပတ်သက်၍ ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာလုပ်ငန်း နှိမ်နင်းရေးအက်ဥပဒေ အရ အလုံးစုံတားမြစ်ထားသည်။ ဤဥပဒေအရ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ မှောင်ခိုစင်တာဖွင့်ခြင်းတို့ကို ထောင်ဒဏ် (အများဆုံး ၃ နှစ်) နှင့် ငွေဒဏ်ချမှတ်နိုင်သည်။
ထို့အပြင် ၂၀၀၅ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ ဖြင့်လည်း လိင်မှုကြောင့် လူကုန်ကူးမှုများကို ပြင်းထန်စွာအရေးယူထားသည်။ သို့သော် MNDAA က ယခုကဲ့သို့ တရားဝင်ခွင့်ပြုခြင်းသည် ဗဟိုအစိုးရ၏ ဥပဒေများနှင့် လုံးဝဆန့်ကျင်နေပြီး ဒေသခံများအတွက် ဥပဒေနှင့်လူမှုရေး စိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်သည်။
အဆိုပါလုပ်ငန်းများကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး အခွန်စနစ်ဖြင့် ထိန်းသိမ်းသည့်အတွက် “အရင်ကလို လာဘ်ပေးပြီး ပုန်းဖွင့်တာထက် ပိုကောင်းတယ်” ဟု လားရှိုးမှ လူငယ်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ သို့သော် အခြားဒေသခံများက စိုးရိမ်နေကြသည်။
“ပြည့်တန်ဆာများက ဖုန်းနံပါတ်ကတ်များ လက်ကြွေးဖြန့်နေတာကို တွေ့ရတယ်။ လူငယ်တွေ ပျက်စီးလွယ်မယ်” ဟု အမျိုးသားတစ်ဦးက ဝမ်းနည်းစွာ ပြောသည်။
MNDAA သည် ပြည့်တန်ဆာလုပ်ငန်းများမှ ယွမ်ငွေဖြင့် အခွန်ကောက်ခံပြီး လုပ်ငန်းအမျိုးအစားအလိုက် ရာခိုင်နှုန်းကွဲပြားကြောင်း သိရသည်။
“ဟင်းသီးဟင်းရွက်ဆိုင်နဲ့ အသားဆိုင်ကွာသလို ကွဲတယ်” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။ လားရှိုးမြို့ပေါ်တွင် ကြော်ငြာပိုစတာများဖြင့် လုပ်ငန်းများ ပွင့်လင်းစွာလည်ပတ်နေပြီး နယ်စပ်ဒေသများတွင်လည်း ပြည့်တန်ဆာလုပ်ငန်းများ ကျယ်ပြန့်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အခြေခံသည့် ယဉ်ကျေးမှုနှင့် လူမှုစည်းမျဉ်းများဖြင့် ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သည်။ ပြည့်တန်ဆာလုပ်ငန်းသည် မြန်မာ့ယဉ်ကျေးမှုနှင့် လုံးဝမကိုက်ညီသည့် အပြင် လူမှုရေးနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းတစ်ခုအဖြစ် ရှုမြင်ခံနေရသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် မိသားစုတန်ဖိုးများနှင့် လူမှုရေးတည်ငြိမ်မှုကို အထူးအလေးထားလေ့ရှိပြီး ပြည့်တန်ဆာလုပ်ငန်းသည် ဤတန်ဖိုးများနှင့် ဆန့်ကျင်နေသည်။
ပြည်တွင်းစစ်နှင့် အာဏာကွဲပြားမှုကြောင့် MNDAA ထိန်းချုပ်ဒေသများတွင် ဗဟိုဥပဒေများ အာဏာမသက်ရောက်သည့်အခါ လူမှုစည်းမျဉ်းနှင့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းသစ်များ ပေါ်ထွန်းလာနေသည်။ သို့သော် ဤအခြေအနေသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ရှည်လျားသည့် လူမှုရေးနှင့် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားဖွယ်ရာများကို ထပ်မံမေးခွန်းထုတ်စေသည်။
Ref; Shy V (VOM )