မြဝတီနယ်စပ်ကနေ ထိုင်းကုန်ပစ္စည်းတွေတင်လာတဲ့ ကုန်တင်ကား (၁၈)စီးကို စာရွက်စာတမ်း မပြည့်စုံဘူးဆိုပြီး စစ်ကောင်စီက မတ်လ ၁၆ ရက်နေ့မှာ ဖမ်းလိုက်သေးတယ်။
ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်နေသူတွေရဲ့ကားတွေကျတော့ “ငွေကြေးညှိနှိုင်းပြီး ပြန်လွှတ်ပေးလိုက်ပြီ” လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပြကြတယ်။
မတ်လ ၅ ရက်ကစပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲကို ထိုင်းကုန်ပစ္စည်းတွေသယ်လာတဲ့ ကုန်တင်ကား ၃၅၉ စီးကို စစ်ကောင်စီအောက်က တပ်နဲ့ရဲတွေက စစ်ဆေးဖမ်းလိုက်တယ်။
စာရွက်စာတမ်းပြည့်စုံတဲ့ ၉၃ စီးကို ဒဏ်ကြေးဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။
ကျန်တဲ့ကားတွေထဲက ၁၈ စီးကိုတော့ ဖမ်းဆီးကြေညာလိုက်ပေမယ့် စစ်တပ်နဲ့ဆက်စပ်နေတဲ့သူတွေ၊ BGF၊ DKBA လက်နက်ကိုင်အဖွဲ့တွေရဲ့ကားတွေကို လာဘ်ပေးပြီးပြန်လွှတ်လိုက်တယ် လို့ ကုန်သည်တစ်ယောက်က ဖွင့်ဟလိုက်တယ်။
ဒေသခံကုန်သည်တစ်ဦးက “စာရွက်မပြည့်လို့ ဖမ်းပြလိုက်တာပဲ… စစ်တပ်သားတွေ၊ အဖွဲ့တွေနဲ့ပတ်သက်တဲ့ကားဆို ညှိနှိုင်းပြီးလွှတ်လိုက်တယ်”လို့ ဆိုပါတယ်။
မြဝတီနယ်စပ်ကနေ ရန်ကုန်ကို ကုန်ပစ္စည်းတင်ဖို့ဆိုရင် BGF၊ DKBA၊ KNU/KNLA (PC)၊ PDF တို့ရဲ့ဂိတ်တွေမှာ လမ်းအသုံးပြုခ ဆောင်ရတယ်။
ဘားအံကနေ ရန်ကုန်အထိ စစ်ကောင်စီအောက်က တပ်နဲ့ရဲတွေရဲ့ စစ်ဆေးရေးဂိတ်တွေ၊ အဖွဲ့စုံကြီးတွေက ထပ်ဆင့်ငွေတောင်းတယ်လို့ ကုန်သည်တွေက မကျေနပ်စွာပြောကြတယ်။
“တရားဝင်ဖမ်းဆီးပြီး မတရားပြန်လွှတ်တာက အဂတိစနစ်ကြီးဖြစ်နေပြီ”လို့ စီးပွားရေးသမားတစ်ယောက်က ဝေဖန်လိုက်တယ်။
ဒီလိုအဆင့်ဆင့်လာဘ်စားမှုတွေကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်းတွေ ၂၀% ကနေ ၅၀% အထိ တက်လာပြီး ပြည်သူတွေအနေနဲ့ ဝယ်ယူဖို့ခက်ခဲနေတယ်။
“ဂိတ်တိုင်းမှာ လမ်းဖိုး၊ စစ်ဆေးခ၊ လုံခြုံရေးကြေး အမျိုးမျိုးနဲ့ငွေကောက်တာကြောင့် ကုန်ဈေးတွေမြင့်လာရတာ”လို့ ဘားအံ ဒေသခံတစ်ယောက်က ညည်းတွားတယ်။
စစ်ကောင်စီသည် “တရားဥပဒေစိုးမိုးရေး” ဟူသောအမည်ခံကာ ကုန်သည်များအားဖမ်းဆီးဒဏ်ငွေချမှတ်နေသော်လည်း ၎င်းတို့နှင့်ဆက်စပ်သည့် လက်နက်ကိုင်အဖွဲ့များ၏ပစ္စည်းများကို လာဘ်ပေး၍လွတ်ငြိမ်းခွင့်ပေးနေမှုသည် စနစ်တကျအဂတိလိုက်စားမှုကို ထင်ဟပ်နေသည်။
ဤဖြစ်ရပ်သည် စစ်ကောင်စီ၏အာဏာကို စီးပွားဖြစ်အသုံးချနေမှု၊ တပ်နှင့်ရဲအရာရှိများ၏ ချမ်းသာကြွယ်ဝမှုအတွက် ပြည်သူ့ဘဝကိုမျှမထောက်ထားသည့် လုပ်ရပ်များကို ထင်ရှားစွာပြသလျက်ရှိသည်။