ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့မှာ ယမန်နေ့ (မတ် ၂၀ ) မွန်းလွဲပိုင်းက ကျားဖြန့်ငွေလိမ်စင်တာ ၁၀ ထပ်အဆောက်အအုံတစ်ခုရဲ့ အပေါ်ဆုံးထပ်ကနေ သံသယဖြစ်ဖွယ် မီးစလောင်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့တွေက အချိန်မီရောက်လာတာကြောင့် အချိန်အနည်းငယ်အတွင်းမှာ မီးကို ထိန်းချုပ်ခဲ့တယ်လို့ BGF ပြောပါတယ်။ ဝါယာရှော့ဖြစ်တယ်ဆိုပြီး ကြီးမားတဲ့ဆုံးရှုံးမှုတွေ မရှိဘူးလို့ ပြောဆိုပေမယ့် သံသယဖြစ်ဖွယ်မီးလောင်မှုလို့ အများက ရှုမြင်ကြပါတယ်။
ထိုင်းဘက်မှာ တာဝန်ရှိသူတစ်ဦးကလည်း မယ်ယိုမြစ်တစ်ဖက်ကမ်းက အဆောက်အအုံဟာ တရုတ်ကုမ္ပဏီ Yatai International Holding Group ပိုင် ဟိုတယ်တစ်ခုဖြစ်ပြီး ထိုင်းဘက်ကနေ ရှင်းရှင်းလင်းလင်း မြင်ရတယ်လို့ ပြောပါတယ်။
ထိုင်းလုံခြုံရေးအရာရှိတွေကလည်း အရင်တုန်းက ဒီအဆောက်အအုံကို နိုင်ငံတကာငွေလိမ်လုပ်ငန်း (Scam) စင်တာအဖြစ် အသုံးပြုနေတယ်လို့ သံသယရှိခဲ့ကြပါတယ်။ ဒါပေမယ့် BGF က ရွှေကုက္ကိုမှာ တရားမဝင်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို မကြာခင်ကမှ စစ်ဆေးဖြိုခွဲခဲ့တာကြောင့် ဒီအုပ်စုတွေဟာ အခြားနေရာတွေကို ပြောင်းရွှေ့သွားခဲ့ပြီလို့ ပြောဆိုပါတယ်။
BGF ရဲ့ စစ်ဆေးရေးလုပ်ငန်းတွေအတွင်းမှာ လွန်ခဲ့တဲ့ ၃၀ ရက်အတွင်း တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၇,၉၆၈ ဦးအပါအဝင် နိုင်ငံခြားသားတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
BGF ရဲ့ စစ်တမ်းတွေအရ ပြန်လည်ပို့ဆောင်ခံရတဲ့သူတွေရဲ့ ၉၈% ဟာ ရွှေကုက္ကိုကို ငွေလိမ်လုပ်ငန်းမှာ အလုပ်လုပ်ဖို့ သိပြီးမှ လာခဲ့ကြတာဖြစ်ပြီး လူကုန်ကူးခံရသူတွေ မဟုတ်ဘူးလို့ ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။
ဒီလိုစစ်ဆေးရေးလုပ်ငန်းတွေ လုပ်ဆောင်ရတာကလည်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၅ ရက်မှာ နယ်စပ်ဒေသ ၅ ခုကို လျှပ်စစ်၊ အင်တာနက်နဲ့ လောင်စာဆီပေးဝေမှုတွေ ဖြတ်တောက်လိုက်ပြီးနောက်မှာ BGF က ဒီလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာပါ။ ဒီနယ်စပ်ဒေသတွေထဲမှာ မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူမြို့နယ်တွေ ပါဝင်ပါတယ်။
Source; The Nation.

ရွှေကုက္ကို၊ မီးလောင်မှု၊ သံသယဖြစ်ဖွယ်၊ ငွေလိမ်လုပ်ငန်း၊ BGF၊ နယ်စပ်ဒေသ