မွန်ပြည်နယ် ရေးမြို့နယ် ကွမ်ကျိုက်ကျေးရွာအနီး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးရှိ စစ်ကောင်စီစခန်းကို ရာမညစစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ တပ်ကြပ်ကြီး ၁ ဦး ဒဏ်ရာရကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို မတ်လ ၁၇ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရာမညစစ်ကြောင်း၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း-၂၊ KNLA တပ်ရင်း ၂၇၊ နှင့် YGF အပါအဝင် တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပါဝင်ခဲ့သည်။
ထို့အပြင် NMSP (AD)၊ MLA၊ MSDF၊ MSRF တို့ပါဝင်ဖွဲ့စည်းထားသော ရာမညစစ်ကြောင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မွန်ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း YGF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။