ဒီဖြစ်ရပ်ဟာ ၁၉၇၃ ခုနှစ်၊ မေလက စတင်ခဲ့တာပါ။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တောင်ပိုင်းစစ်ဌာနချုပ်လက်အောက်ခံ ပြည်သိမ်းတပ်ရင်း “ရန်နိုင်စစ်ကြောင်း” တပ်ဖွဲ့ဝင် ၈၄ ဦးဟာ မွန်ပြည်နယ် ရေးတောင်ပိုင်း ခေါဇာကျေးရွာကနေ ပြန်ဆုတ်လာပြီး ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ဖို့ စတင်ခဲ့တယ်။
ဗိုလ်ကြီးမျိုးလွင် (စစ်ကြောင်းမှူး) နဲ့ ဗိုလ်ကြီးကျော်မိုး (တပ်ခွဲမှူး) တို့ ဦးဆောင်တဲ့ ဒီတပ်ဖွဲ့မှာ ကျွန်တော်က စစ်ကြောင်းဆေးမှူးအဖြစ် တာဝန်ယူခဲ့ရပါတယ်၊ ကျနော်လိုက်ပါခဲ့တဲ့ ဒီတော်လှန်ရေးသမိုင်းမှာ စိတ်ဓာတ်ကျဆင်းစရာ ခရီးကြမ်းတစ်ခုကို ရင်ဆိုင်ခဲ့ရလို့ အမြဲတမ်းပဲ အမှတ်ရနေမိတယ်။
၁၉၇၃ ခု၊ မေလ (၁၈) ရက်။
တပ်ခွဲ(၃) နဲ့ တပ်ခွဲ(၄) ပူးပေါင်းထားတဲ့ “ရန်နိုင်စစ်ကြောင်း”ဟာ ရေးမြို့နယ်တောင်ပိုင်းကနေ တပ်ပြန်ခေါက်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ပြည်သိမ်းတပ်ရင်းဌာနချုပ်ဆီ ပြန်လာခဲ့ပါတယ်။
အစပျိုး-လမ်းကြောင်းပြောင်းခြင်း**
*မေလ (၂၄)
ရေဖြူမြို့နယ် လော့သိုင်းကျေးရွာကို ရောက်တော့ တောင်ပိုင်းတိုင်းဌာနချုပ်က ကြေးနန်းတစောင် ရောက်လာတယ်။ အဲဒီ ကင်းချောင်းဖျားမှာ ရန်သူတပ်တွေ စောင့်ကြိုနေတယ်ဆိုတဲ့သတင်းကို သိရတယ်။ ဌာနချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း လမ်းကြောင်းပြောင်းပြီး ရေးချောင်းဖျားကနေ ဖြတ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာ လက်ထဲမှာ ၅ ရက်စာ ရိက္ခာပဲ ကျန်တော့တယ်။ ဘယ်သူမှ ဒီခရီးဟာ ရက်ပေါင်း ၃၀ ကျော်ကြာ လှည့်ပတ်ရမယ်ဆိုတာ မသိခဲ့ကြဘူး။
*မေလ (၂၅)
ကျွန်တော်တို့စစ်ကြောင်းဟာ လော့သိုင်းကျေးရွာကနေ ကျောက်လုံးကြီးချောင်းကို ရောက်ခဲ့ပြီး ညအိပ်ရပ်နားခဲ့ကြပါတယ်၊ ရိက္ခာ(၁)ရက်စာကုန်သွားခဲ့ရပါပြီး (၄)ရက်စာသာကျန်ပါတော့တယ်။
ပထမဆုံးသော လမ်းမှားခြင်း
*မေလ (၂၆)
ကျောက်လုံးကြီးချောင်းကနေ ကျွန်တော်တို့စစ်ကြောင်းဟာ ရေးချောင်းဖျား တောင်ကြောကို စတက်ခဲ့ကြပါတယ်၊ တပ်သားတွေကြားမှာ “ဒီလမ်းကြောင်း မှားနေပြီလား” ဆိုတဲ့ သံသယတွေ စပေါ်လာတယ်။ တနေကုန် ခြေလျင် ချီတက်ပြီးတဲ့အခါ ကင်းချောင်းဖျားကို မရောက်ဘဲ ရေးချောင်းဖျားဘက်ကို ပြန်ရောက်နေတာကို သိလိုက်ရတယ်။ ဒီနေရာမှာ စိတ်ဓာတ်တွေ စတင်ကျဆင်းလာပြီ။
တပ်မှူးတွေက အရှေ့-အနောက်-တောင် မြောက် ခွဲခြားနိုင်ဘို့ သူတို့မှာရှိတဲ့ အိမ်မြှောင်ကို မကြာမကြာထုတ်ပြီး ဝိုင်းကြည့်ကြပါတယ်၊ ကျွန်တော်တို့ရဲ့ဦးတည်ချက်က ရေးချောင်းဖျားတောင်ရိုးကနေပြီး ကင်းချောင်းအပေါ်ဘက်ကို ဖြတ်ဆင်းဘို့ဖြစ်ပေမယ့် တနေကုန်သွားလိုက်တဲ့ခရီးဟာ ကင်းချောင်းအပေါ်ဘက် မရောက်ဘဲ ရေးချောင်းဖျားဘက်ကို ရောက်နေမှန်းသိရတဲ့အတွက် ရေးချောင်းဖျားမှာဘဲ ညအိပ်ရပ်နားခဲ့ရပြန်ပါတယ်၊ ရိက္ခာကတော့(၃)ရက်စာဘဲ ကျန်ပါတော့တယ်။
*မေလ (၂၇)
ကျွန်တော်တို့စစ်ကြောင်းဟာ လာလမ်းအတိုင်း ရေးချောင်းဖျားတောင်ရိုးကို ပြန်တက်ပြီး ကင်းချောင်းဖျား အပေါ်ပိုင်းကို ပြန်ဆင်းဘို့ ကြိုးစားခဲ့ကြပြန်ပါတယ်။
ညနေပိုင်းရောက်တော့ ချောင်းလေးတချောင်းကို ရောက်ခဲ့ပြန်တယ်၊ ဒါပေမယ့် အဲဒီချောင်းဟာ ဘာချောင်း လည်းဆိုတာကို ဘယ်သူမှမသိခဲ့ကြပါဘူး။
တပ်မှူးတွေကတော့ အိမ်မြောင်ထုတ်ပြီးအရှေ့-အနောက်ခွဲနေတုံးပါဘဲ အဲဒီချောင်းလေးမှာဘဲ ညအိပ်ပြန် ခဲ့ရတဲ့အတွက် ရိက္ခာကတော့ (၂)ရက်စာဘဲ ကျန်ပါတော့တယ်။
ဆင်လမ်းနဲ့ မုဆိုးတွေရဲ့ ဓားရာ
*မေလ (၂၈)
တပ်မှူးတွေရဲ့ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့စစ်ကြောင်းဟာ ချောင်းအနီးမှာရှိတဲ့ ဆင်လမ်းအတိုင်း တောင်ကြောတခုကို စတင်ထွက်ခဲ့ပါတော့တယ်။
တောင်ကြောကိုရောက်တော့ တောလိုက်မုဆိုးတွေ ခုတ်ထားတဲ့အမှတ်သားတွေကိုတွေ့တော့ ၎င်းအမှတ်သားတွေအတိုင်း လိုက်တော့ချောင်းတချောင်းကို ရောက်ခဲ့ကြပြန်ပါတယ်၊ တခါညအိပ်ခဲ့ပြန်တယ်။
အဲဒီညမှာ တပ်မှူးတွေက မိမိတို့လမ်းမှားနေပြီးဆိုတာ တပ်ဖွဲ့ဝင်တွေကို အသိပေးခဲ့ပြီး လက်ကျန်ရိက္ခာကို ဆန်ပြုတ် ပြုတ်စားဘို့ ညွှန်ကြားခဲ့တဲ့အတွက် အဲဒီညမှာဘဲ ကျွန်တော်တို့ ဆန်ပြုတ်ကို စပြီးစားခဲ့ကြရပါတယ်။ လူသူဆိုလို့ တောထဲမှာ အမဲလိုက်မုဆိုးတွေလည်း တယောက်တလေမှ မတွေ့ရ၊ တဲအိမ်တွေလည်း တလုံးမှ မတွေ့ခဲ့ရပါဘူး။
မေလ ၂၉ ရက်ကနေ ၃၁ ရက်အထိ လက်ကျန်ဆန်နဲ့ ဆန်ပြုတ်စားခဲ့ရတဲ့ ကျွန်တော်တို့စစ်ကြောင်းဟာ ဒီအချိန်မှာ တပ်သားတွေရဲ့ စိတ်ဓာတ်က အနိမ့်ဆုံးကို ရောက်နေခဲ့တယ်။ တချို့ဆိုရင် “ဒီတောထဲမှာပဲ သေရမှာလား” ဆိုတဲ့ ကြောက်ရွံ့မှုတွေ ဖြစ်လာတယ်။
နတ်ဝင်ပူးတဲ့ မွန်တပ်ဖွဲ့ဝင်
မုဆိုးဓါးခုတ်ရာတွေကိုလိုက်ရတာနဲ့ လမ်းတွေမှားပြီးမှားပြန်မှားခဲ့ကြတဲ့အပြင် မိမိတို့စခန်းချပြီး ညအိပ်ခဲ့ကြတဲ့နေရာကိုဘဲ တဝဲလည်လည်နဲ့ လမ်းမှားပြီးပြန်ရောက်ခဲ့ရတဲ့အကြိမ်ကလည်း နှစ်ကြိမ်တိတိ ဖြစ်ခဲ့ပါတယ်။
ဒီကြားထဲမှာ တပ်ခွဲ(၄)က မွန်တပ်စု(ခေါဇာ)တပ်ဖွဲ့ဝင်တဦးကလည်း တလမ်းလုံးနတ်ဝင်ပူးတယ်ဆိုပြီး ဟိုလမ်းမသွားနဲ့ ဒီဘက်လမ်းကိုသွား ဒီဘက်တောင်ကြောကိုတက် ဟိုဘက်ကတောင်ကြောကိုမတက်နဲ့ စတဲ့တောင်ကြောတွေကို တက်လိုက်ဆင်းလိုက်နဲ့ နတ်ပေးတဲ့ဒုက္ခကြောင့် လမ်းမှားခဲ့ရတဲ့ရက်တွေလည်း ရှိခဲ့ပါသေးတယ်။
စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ကြီးမျိုးလွင်ကလည်း မွန်လူမျိုးဆို နတ်ဝင်ပူးနေတာကို သူကနတ်ကလမ်းပြပေးသလို ယုံကြည်နေသလာတော့မသိဘူး နတ်ပြောတဲ့အတိုင်း ကျွန်တော်တို့ကို တောင်ကြောကြီးဘဲ တက်ခိုင်းနေတော့တာပါဘဲ။
အစိမ်းစားခြင်းနဲ့ ရှင်သန်ရပ်တည်မှု
ဇွန်လ ၁ ရက်နေ့ကစပြီး တောထွက်သဘာ၀ စားလို့ရတဲ့သစ်သီးသစ်ရွက်ကိုသာ စားခဲ့ကြရတာပါ၊ နောက်ဆုံး(၁၅)ရက်လောက်က မီးခြစ်တွေ ဆီကုန်သွားတဲ့အတွက် စားရသမျှအကုန်အစိမ်းစား ခဲ့ကြရပါတယ်။
သစ်သီးသစ်ရွက်တွေ အစိမ်းစားရတာကြောင့် တပ်ဖွဲ့ဝင်တွေမှာ ကျန်းမာရေးပြဿနာ အသီးသီးပေါ်ရပြန်တယ်။ ဝမ်းမကောင်းတော့ပါ၊ ဝမ်းချုပ်တဲ့ဒဏ်နဲ့ အီးအီးပါရင် အချိန်ကြာတတ်ပြီး စအိုကနေ သွေးယိုတဲ့အထိ ဖြစ်ခဲ့ကြတယ်။ လမ်းလျှောက်ရင်လည်း ခရီးကမတွင်တော့ပါ။ တစ်ယောက်ယောက် အီးအီးပါတိုင်း စစ်ကြောင်းတစ်ကြောင်းလုံး ထိုင်စောင့်ပေးခဲ့ရတယ်။
ဇွန်လ ၁၈ ရက်နေ့အထိ ကျွန်တော်တို့စစ်ကြောင်းဟာ ဆင်လမ်းတွေကို လိုက်ရတာနဲ့ မုဆိုးတွေခုတ်ထားတဲ့ ဓါးခုတ်ရာတွေကို လိုက်ရတာနဲ့ လမ်းတွေမှားပြီးမှားပြန် မှားခဲ့ကြသလို တပ်မှုးတွေကလည်း အိမ်မြောင်ကြည့်ပြီး ကြည့်ပြန်နဲ့ အရှေ့အနောက်ခွဲခြားမရနိုင်ဘဲ ဖြစ်ခဲ့ရတာကလည်း အချိန်တွေဘဲ ကုန်ခဲ့ကြပါတယ်။
၁၉ ရက်နေ့ကျတော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဟာ တပ်မှူးတွေကိုအတိုက်အခံလုပ်ပြီး ရှေ့လူကြီးတွေ ပြောဘူးတဲ့ “လမ်းမှားတဲ့အခါ ရေချောင်းကိုလိုက်ရင် ရွာတရွာမဟုတ်ရင် တရွာကိုတွေ့နိုင်တယ်” ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့အားလုံး ရေချောင်းကိုဘဲလိုက်တော့မယ်လို့ ပြောဆိုကြတဲ့အတွက် တပ်မှူးတွေကလည်း ရေချောင်းတိုင်းလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ရေချောင်းလမ်းကြောင်းကို လိုက်ခြင်း
ဇူလိုင်(၁)
ဇွန်လ ၂၀ ရက်ကနေပြီး ကျွန်တော်တို့စစ်ကြောင်းက ရေချောင်းအတိုင်းဆင်းလာတဲ့အချိန်မှာ အုပ်စုတွေကွဲကုန်ပြီး ခရီးထွက်ခဲ့ကြရာ ကျွန်တော်အပါအဝင် တပ်ဖွဲ့ဝင်(၅)ဦးဟာ ဇူလိုင်လ(၁) ရက်နေ့မှာ ပြည်ချစ်လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်ဌာနချုပ် အောင်မြေစခန်းကိုရောက်ရှိခဲ့အတွက် စခန်းက ချက်ကျွေးတဲ့ထမင်းနဲ့ဟင်းတွေကို ပထမဆုံးစားခဲ့ကြရပါတယ်။
အဲဒီအချိန်ကျမှကျွန်တော်တို့ဆင်းလာတဲ့ချောင်းဟာ ဝင်းကချောင်း(စံခလပူရီ-ဘီးခီးမြစ်ဖျား-ကရိန်ကန်င်အနီး) ဖြစ်နေမှန်း သိရပါတော့တယ်။
ဇူလိုင် ၂ ရက်နေ့ကတော့ အောင်မြေစခန်းကစခန်းမှူး ဗိုလ်ကြီးကျော်စွာနဲ့အဖွဲ့ဟာ စက်လှေ(၅)စင်းနဲ့ ဝင်းကချောင်းရိုး အတိုင်းဆင်းလာတဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်လံကြိုဆိုခဲ့ကြတဲ့အတွက် ဇူလိုင် ၇ ရက်နေ့မှာ တပ်ဖွဲ့ဝင်တွေအားလုံးကို အောင်မြေစခန်းကို ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။
အဲဒီနောက် လူပြန်စစ်လိုက်တဲ့အချိန်မှာ ဆက်သွယ်ရေးစက်ဆရာ(၁)ဦးနဲ့ တပ်သား(၁)ဦး ပျောက်ဆုံးနေတာ သိရှိရတာကြောင့် တာဝန်ရှိသူတွေကဝင်းက ချောင်းရိုးတလျှောက် ပြန်လည်ရှာဖွေခဲ့ရာ နှစ်ဦးစလုံး ရေနစ်သေဆုံးနေတာကိုတွေ့ ရှိခဲ့ကြရပါတယ်။
နောက်ဆုံးမှ သိရှိခဲ့ရသော အမှန်တရား
ကျနော်တို့ဆင်းလာတဲ့ ချောင်းဟာ ဝင်းကချောင်း (ထိုင်းအခေါ် ဘီးခီးမြစ်) ဖြစ်နေမှန်း နောက်ပိုင်းမှ သိခဲ့ရတယ်။ ဒီချောင်းရဲ့အဆုံးမှာ ထိုင်းနယ်စပ်က ကျေးရွာတွေ ရှိနေပေမယ့် တောထဲမှာ လမ်းပျောက်နေချိန်မှာ ဘယ်သူမှ ဒါကို မသိခဲ့ကြဘူး။ စစ်ကြောင်းမှူးတွေက အိမ်မြှောင်ကို အမှီပြုပြီး လမ်းကြောင်းရှာဖို့ ကြိုးစားခဲ့ပေမယ့် ဒေသမကျွမ်းကျင်မှုနဲ့ စနစ်တကျမစီစဉ်နိုင်မှုတွေဟာ အဓိကပြဿနာဖြစ်ခဲ့တယ်။
သင်ခန်းစာနဲ့ အဆုံးသတ်
ဒီဖြစ်ရပ်က စစ်မြေပြင်အတွက် ကြိုတင်ပြင်ဆင်မှု၊ နယ်မြေကျွမ်းကျင်မှု၊ ရှေ့လူကြီးတွေရဲ့ ဆိုရိုးစကားတွေ အရေးကြီးပုံကို သင်ပြခဲ့တယ်။ တပ်သား ၈၄ ဦးဟာ ရက်ပေါင်း ၃၀ ကျော် လမ်းပျောက်၊ ရိက္ခာကုန်၊ စိတ်ဓာတ်ကျဆင်းမှုတွေကို ကျော်လွှားခဲ့ရပြီး နောက်ဆုံးမှာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြတယ်။ ဒါဟာ ကျနော့တော်လှန်ရေးသမိုင်းရဲ့ မေ့မရတဲ့ ခရီးကြမ်းတစ်ခုပါပဲ။
နိဂုံး
ယခင်တုံးက ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ရဲ့ အောင်မြေစခန်းဟာ ယခုလက်ရှိ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ဝင်းကချောင်း(ဘီးခီးမြစ်) အပေါ်ဘက် ချင်းနင်းချိန်ကျေးရွာ ဝင်းကချောင်းရိုးအတိုင်း မြောက်ဘက်(၅)ကီလိုခန့်အကွာမှာ ရှိခဲ့ပါတယ်၊ (ယခုအခါ မရှိတော့ပါ)
အောင်မြေစခန်းမှာ ၁၀ ရက်လောက်အနားယူခဲ့ပြီးတဲ့နောက် ကျွန်တော်တို့စစ်ကြောင်းဟာ အောင်မြေစခန်းမှစက်လှေတွေနဲ့ ဝင်းကကျေးရွာအနောက်ကမ်း ဆရာတော်ဦးဥတ္တမဘုန်းတော်ကြီးကျောင်းအဝင် ဝင်းကချောင်းနံဘေးမှာရှိတဲ့ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် ဝင်းကစခန်းကို ဇူလိုင် ၁၈ ရက်နေ့မှာ ရောက်ခဲ့ကြပါတယ်။
၎င်းအချိန်က စံခလပူရီ – ထောင်ဖာဖွန် – စိုင်ယို့စတဲ့မြို့တွေမှာ ကားလမ်းမရှိသေးပါ၊ ဝင်းကချောင်း (သို့မဟုတ်) ထိုင်းအခေါ် ခွယ်နွဲ (ကွေးမြစ်) အတိုင်းစက်လှေနဲ့စီးသွားကြရပြီး စိုင်ယို့မြို့ကနေတဆင့် မီးရထားနဲ့ ကန်ချနပူရီကို သွားလာကြရတာပါ။
ရက် ၃၀ ကျော်လမ်းပျောက်ခဲ့တဲ့ ကင်းချောင်းဖျား(ထားဝယ်ချောင်ဖျား)၊ ရေးချောင်းဖျား၊ ဝင်းကချောင်းဖျားစတဲ့ချောင်းဖျား (၃)ခုဟာ တြိဂံ(ဖိုခနောက်)ပုံစံများနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ရှိနေတာဖြစ်ပြီး ကျွန်တော်တို့စစ်ကြောင်းဟာ အဲဒီနေရာမှာ လမ်းမှားခဲ့ရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့စစ်ကြောင်းဟာ သြဂုတ် ၁ ရက်နေ့မှာ စက်လှေတွေနဲ့ ဝင်းကစခန်းကနေ ထောခနွန်ကျေးရွာ(ယခု ထောင်ဖာဖွန်မြို့)ကို ထွက်ခွာလာခဲ့ကြပြီး ၎င်းထောခနွန်ကျေးရွာမှတဆင့် ခြေလျှင်ခရီးနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သိမ်းတပ်ရင်းကို ထွက်ခွာလာခဲ့ရာ သြဂုတ် ၈ ရက်နေ့မှာ ရောက်ရှိခဲ့ကြပါတယ်။
အဲဒီခေတ်မှာ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းအစိုးရက ၎င်းတို့နယ်စပ်အတွင်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပေးထားသလို တပ်စခန်းတွေကလည်း ထိုင်းနိုင်ငံနယ်စပ်အတွင်းပိုင်းမှာဘဲ တည်ရှိနေခဲ့တာဖြစ်ပါတယ်။