နိုင်ငံရေးအကွေ့အလှည့်ဖြစ်တိုင်း မွန်အမျိုးသားအင်အားစုများအကြား အမြင်မတူညီမှုများဖြစ်နေလင့်ကစား အမျိုးသားအကျိုးစီးပွားအလို့ငှာ “တူတာတွေကိုပေါင်းလုပ် မတူသေးတာကိုဆက်လက်ညှိနှိုင်းအဖြေရှာ”နိုင်ရန် အများညီသဘောတူချက်များချမှတ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီမှ ကမကထပြုပြီး လာမည့်ဧပြီလဆန်းပိုင်းတွင် မွန်အမျိုးသား ကွန်ဖရင့်ကို ကျင်းပမည်ဟုသိရသည်။
ကွန်ဖရင့်၏ ရည်ရွယ်ချက်များမှာ- အမျိုးသားညီညွတ်ရေးတည်ဆောက်ရန်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများကို လေ့လာသုံးသပ်ရန်။ ရာမညမွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် ကိုက်ညီစေရေး လေ့လာသုံးသပ်ရန်။ မွန်အမျိုးသားဆိုင်ရာ မူဝါဒများကို အတည်ပြုရန်အတွက် ဖြစ်သည်။
မွန်အမျိုးသားကွန်ဖရင့်သို့ မွန်သံဃာတော်များအစုအဖွဲ့၊ မွန်ပြည်သစ်ပါတီအစုအဖွဲ့၊ မွန်နိုင်ငံရေးပါတီများအစုအဖွဲ့၊ မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများအစုအဖွဲ့၊ ကဏ္ဍအလိုက်မွန်ပညာရှင်များအစုအဖွဲ့နှင့် အခြားဖိတ်ကြားသင့်သူများ စုစုပေါင်း (၂၈၀)ဦးခန့် တက်ရောက်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါကွန်ဖရင့်ကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ရှိ ဓါတုမာလာမွန်ဘုန်းတော်ကြီးကျောင်းတွင် ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်မှ (၅) ရက်အထိ (၄) ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၂ ခုနှစ်က မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ “ညီစား” စခန်းတွင် ကျင်းပခဲ့သည့် မွန်အမျိုးသားကွန်ဖရင့်၌ နှစ်နှစ်တစ်ကြိမ် ကျင်းပရန် ဆုံးဖြတ်ထားသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ၂၀၂၄ ခုနှစ်တွင် မကျင်းပနိုင်ခဲ့ဘဲ လာမည့် ဧပြီလဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်သည်။