ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် MNDAA ကိုးကန့်တပ်ဖွဲ့မှ တပ်များကို အဆင့်လိုက် ရုပ်သိမ်းရန် မြန်မာစစ်တပ်နှင့် ကြားဖြန်ဖြေမှုဖြင့် ယနေ့ဆွေးနွေးပွဲမှ သဘောတူညီထားကြောင်း စုံစမ်းသိရှိရသည်။ သို့ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက တရားဝင်သတင်းထုတ်ပြန်ခြင်း မတွေ့ရပေ။
လက်ရှိတွင် MNDAA တပ်သား ၈၆၆ ဦးက မြို့စောင့်တပ်အဖြစ် လုံခြုံရေးနှင့် တပ်ရဲ ၃၀၀ ပါ တာဝန်ယူထားပြီး၊ အရံတပ် ၂၀၀ ကျော် ချထားသည်။
တရုတ်ပြည်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးမှု မပြီးမြောက်သေးသော်လည်း၊ ရွေးကောက်ပွဲအပြီး တက်လာမည့်အရပ်သားအစိုးရသစ်နှင့် ဆက်လက်ဆွေးနွေးရန် အချိန်ဆွဲထားသည်။
MNDAA ၏ လားရှိုးမြို့ ဆုတ်ခွာရေး သတ်မှတ်ချက်အရ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွန်လုံ၊ မုံးကိုး၊ ပန်ဆိုင်း၊ ကုန်းကြမ်း၊ သိန်နီ စသည့် မြို့ ၇ မြို့ကို “အထူးဒေသ (၁)” အဖြစ် အသိအမှတ်ပြုပေးရန် တောင်းဆိုထားသည်။ ထို့ပြင် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်မြို့နှင့် စစ်ကောင်စီအုပ်စိုးသော မူဆယ်မြို့ကို နယ်မြေအစားထိုး တောင်းဆိုထားသည်။
MNDAA က ကိုးကန့်ပြည်နယ်သီးခြားရပ်တည်မှုကို ကန့်ကွက်ကာ၊ “ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁)” အဖြစ် ပြည်ထောင်စုအစိုးရလက်အောက် သတ်မှတ်ရန် ပြောဆိုသည်။ ထိုတပ်ဖွဲ့သည် လူမျိုးပေါင်းစုံပါဝင်သော “မြန်မာပြည်အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)” အမည်ဖြင့် ဖွဲ့စည်းထားပြီး “ကိုးကန့်” အမည် မပါဝင်ကြောင်း တပ်မှူးတစ်ဦးက ရှင်းပြခဲ့သည်။
(သတင်းအရင်းမြစ်: MNDAA နှင့် စစ်ကောင်စီဆွေးနွေးပွဲ ကနဦးရလဒ်များ)
