ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ စင်းခန်းနှင့် ခူးလီရွာများကို မတ်လ ၁၇ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာမှ အရပ်သား ၆ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။
သေဆုံးသူများတွင် ကလေးနှင့် အမျိုးသမီးများ ပါဝင်ပြီး အိမ်ထောင်စုများ ပျက်စီးမှုလည်း ရှိကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုသည် KIA နှင့် စစ်ကောင်စီတို့ ဗန်းမော်မြို့အနီးတွင် ဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ဆက်စပ်ပြီး မြို့လုံခြုံရေးအကြောင်းပြချက်ဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ရှင်းလင်းသည်။
“စင်းခန်းရွာဟာ ဗန်းမော်မြို့နဲ့ လက်နက်ကြီးတစ်ပစ်အကွာအဝေးမှာသာ တည်ရှိနေတာကြောင့် ဒီလိုတိုက်ခိုက်မှုကို မြို့လုံခြုံရေးလုပ်ငန်းစဉ်အဖြစ် စစ်ကောင်စီက ရှုမြင်ဟန်ရှိပါတယ်။ သို့သော် သေဆုံးသူတွေထဲမှာ ပြည်သူတွေ၊ အထူးသဖြင့် ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
အလားတူ ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း စင်းခန်းရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။
လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ မတ်လပထမပတ် စာရင်းများအရ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်မှုများကြောင့် အရပ်သား ၉၂ ဦး သေဆုံးကာ ၁၆၉ ဦး ဒဏ်ရာရခဲ့သည်။ ကျေးရွာများတွင် ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ၂၀၂၅ ခုနှစ်တစ်လျှောက် ဆက်တိုက်မြင့်တက်လျက်ရှိသည်။


