ထိုင်းနိုင်ငံသည် နျူကလီးယားစွမ်းအင်နည်းပညာကို ပြည်သူလူထု ယုံကြည်လက်ခံလာစေရန် စနစ်တကျ အသိပညာများ ဖြန့်ဝေသင့်ကြောင့် နိုင်ငံတွင်း စွမ်းအင်နှင့် နျူကလီးယားပညာရှင်များက ယမန့်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ အလေးထား ပြောကြားခဲ့သည်။
ဤဆွေးနွေးမှုသည် မြန်မာနိုင်ငံမှ ရုရှားနှင့်ပူးပေါင်း၍ ၁၁၀ မဂ္ဂါဝပ်စွမ်းအားရှိသော အသေးစား နျူကလီးယားဓာတ်ပေါင်းဖို (SMR) တည်ဆောက်ရန် ကြေညာထားသည့် အချိန်နှင့် တိုက်ဆိုင်နေခြင်းက ဒေသတွင်း စွမ်းအင်လုံခြုံရေး မဟာဗျူဟာများကို ထင်ဟပ်စေသည်။
ထိုင်း၏ အက်တမ်စွမ်းအင်ဆိုင်ရာ ငြိမ်းချမ်းရေးဌာန (Office of Atoms for Peace – OAP) မှ ဒုတိယအတွင်းရေးမှူးချုပ် “Pennapa Kanchana” က “SMR နည်းပညာသည် ရုပ်ကြွင်းလောင်စာမှ လွတ်မြောက်ရေး၊ စွမ်းအင်လုံခြုံရေးနှင့် ရာသီဥတုပြောင်းလဲမှု စိန်ခေါ်ချက်များကို ဖြေရှင်းနိုင်သော်လည်း ပြည်သူ့ထောက်ခံမှုရရှိရန် အဓိကကျသည်” ဟု ရှင်းပြခဲ့သည်။
SMR စက်ရုံများသည် ရိုးရိုးနျူကလီးယားစက်ရုံကြီးများထက် စွမ်းအင်ထုတ်လုပ်နိုင်မှု သုံးပုံတစ်ပုံသာ ရှိသော်လည်း စရိတ်သက်သာပြီး လုံခြုံမှုပိုမိုရှိသည်ဟု သူမက ဆိုသည်။
သို့သော် ဂျပန် “ဖူကူရှီးမား” နှင့် ယူကရိန်း “ချာနိုဘိုင်း” မှ သမိုင်းဝင် နျူကလီးယား ဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ စိုးရိမ်မှုကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ ထိုင်း၏ နျူကလီးယားဥပဒေများကို ၂၀၁၆ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ပြည်သူ့ပူးပေါင်းပါဝင်မှု မြှင့်တင်ရန် လိုအပ်နေကြောင်း သူမက ထောက်ပြခဲ့သည်။
ချူလာလောင်ကွန်းတက္ကသိုလ်၊ နျူကလီးယား အင်ဂျင်နီယာဌာနမှ ဌာနမှူး Somboon Rassame က ထိုင်းနိုင်ငံ၏ နျူကလီးယား စက်မှုလုပ်ငန်းတွင် ကျွမ်းကျင်မှုနှင့် အသိပညာများ လိုအပ်နေသောကြောင့် ကျွမ်းကျင်သည့် လုပ်သားအင်အား လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
လာမည့် နှစ် ၁၃ နှစ်အတွင်း နည်းပညာဆိုင်ရာ တိုးတက်မှုများ မြန်ဆန်စွာ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည်ဟု သူက ခန့်မှန်းခဲ့သည်။
ထိုင်းနိုင်ငံ နျူကလီးယားအသင်း၏ ဒုတိယဥက္ကဋ္ဌ “Suchin Udomsomporn” က ထိုင်းနိုင်ငံအနေဖြင့် အသိပညာတည်ဆောက်ရန်၊ ပြည်သူလူထု၏ ယုံကြည်မှုကို မြှင့်တင်ရန်နှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး အာရုံစိုက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
သူမက နျူကလီးယားစွမ်းအင်နှင့်ပတ်သက်သည့် မသေချာမရေရာမှုများကို ဖြေရှင်းရာတွင် အသိပညာမြှင့်တင်ရေးသည် အဓိကကျကြောင်း ထောက်ပြခဲ့သည်။
ဤဆွေးနွေးပွဲသည် အိမ်နီးချင်း မြန်မာနိုင်ငံက ရုရှားနိုင်ငံအကူအညီဖြင့် SMR စက်ရုံတည်ဆောက်ရန် ကြေညာချက်နှင့် တိုက်ဆိုင်နေသလို မြန်မာနိုင်ငံသည် စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းရန်အတွက် နျူကလီးယားစွမ်းအင်ဆီသို့ ဦးတည်နေပြီး ရုရှား၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုကို အားကိုးလျက်ရှိသည်။
သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ၏ နျူကလီးယားစွမ်းအင်စီမံကိန်းကို နိုင်ငံရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများဖြင့် ဝေဖန်လျက်ရှိသည်။
Ref; The Nation.


