ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာမှ ပူးပေါင်းနှိမ်နင်းနေသော်လည်း လူဦးရေတစ်သိန်းခန့် ကျန်ရှိနေပြီး ယခုအထိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ထိုင်းရဲချုပ်က ဘန်ကောက်ပို့စ်သတင်းစာသို့ မတ်လ ၁၈ ရက်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ဒေသတွင်း ကျားဖြန့်လုပ်ကိုင်မှုများ ဖျက်သိမ်းရေးတွင် အဓိကပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီဒေသအနီးတွင် ပြန့်ကျဲနေသော လုပ်ငန်းခွင်များမှ လူ ၅,၀၀၀ ခန့်ကို ကယ်တင်နိုင်ခဲ့သော်လည်း အများစုမှာ မိမိတို့သဘောဆန္ဒအလျောက် အလုပ်ဝင်ရောက်လုပ်ကိုင်နေခဲ့သည်ဟု သိရသည်။
ထိုင်းရဲချုပ်က “လူများစွာတို့ဟာ ထိုင်းကိုဝင်ရောက်လာကာ မြဝတီမှတစ်ဆင့် တရားမဝင် အလုပ်အကိုင် သွားရောက် ရှာဖွေခဲ့ကြတာပါ၊ Call Center ဖုန်းခေါ်ဆိုလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ အခြားရာဇဝတ်ဂိုဏ်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတာဖြစ်တယ်” ထုတ်ဖော်ပြောဆိုခဲ့သည်။
အထူးသဖြင့် စီးပွားရေးအခက်အခဲနှင့် ငွေကြေးဥစ္စာရှာဖွေလိုမှုကြောင့် ဤလုပ်ငန်းများသို့ ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု သူက သုံးသပ်ခဲ့သည်။
နယ်စပ်ဒေသအနှံ့ကနေ အင်တာနက်မှတစ်ဆင့် လိမ်လည်မြှူဆွယ်မှုများ ပြုလုပ်နေသည့် အဆိုပါ ကျားဖြန့်လုပ်ငန်းခွင်များကို နှိမ်နင်းရန် ထိုင်းအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်လက်ကြိုးပမ်းလျက်ရှိသော်လည်း စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းများ၏ လှုပ်ရှားမှုကြောင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။
ဤအခြေအနေသည် နယ်စပ်ဒေသ၏ စီးပွားရေးနှင့် လုံခြုံရေးအကျပ်အတည်းကို ထင်ဟပ်စေပြီး ရေရှည်တည်ငြိမ်ရေးအတွက် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်နေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
Source; Bangkok Post

