ထိုင်းနိုင်ငံ၏ မော်တော်ယာဉ်နှင့် အပိုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများသည် ၂၀၂၅ ခုနှစ်အထိ စက်ရုံပိတ်သိမ်းမှုများ၊ လုပ်သားအင်အား လျှော့ချမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း စက်မှုလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
Kasikorn သုတေသနစင်တာ၏ အချက်အလက်အရ၊ ပြီးခဲ့သည့်နှစ်က လစဉ် စက်ရုံ ၁၀ို ကျော်ပိတ်သိမ်းခဲ့ရပြီး ယခုအခြေအနေသည် နှစ်နှစ်ဆက်တိုက် ဆိုးရွားလာကာ ၂၀၂၅ တွင် ပိုမိုမြင့်မားလာမည်ဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (FTI) ဒုတိယဥက္ကဋ္ဌ တာနစ်ဆိုရတ်က ဘန်ကောက်ပို့စ်သို့ ပြောကြားခဲ့သည်။
အထူးသဖြင့် ၂၀၂၃ ခုနှစ်မှစ၍ ပြည်တွင်းမော်တော်ယာဉ်ရောင်းအား ၂၆.၁% ကျဆင်းမှုကြောင့် လုပ်ငန်းရှင်အများအပြားသည် ဒုတိယ သုံးလပတ်အတွင်း စက်ရုံများပိတ်ရန် စီစဉ်နေကြောင်း၊ ဘဏ်များ၏ ချေးငွေတင်းကျပ်မှုနှင့် အမေရိကန်သမ္မတ ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲဆိုင်ရာ မူဝါဒများက ဤအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကြောင်း တာနစ်က ရှင်းပြခဲ့သည်။
“ရောင်းအား ၇၅% အထိ ကျဆင်းသွားပါက လုပ်သားအင်အားလျှော့ချမှုမှာ မလွဲမသွေဖြစ်လာမည်။ အစိုးရအနေဖြင့် ကမ္ဘာ့စျေးကွက်နှင့်ကိုက်ညီသည့် လုပ်သားစနစ်ကို အရှိန်မြှင့်တင်ရန် လိုအပ်နေပြီ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ယခုအခါ ထိုင်းစက်မှုလုပ်ငန်းသည် ပြည်တွင်းဝယ်လိုအားကျဆင်းမှု၊ ကုန်သွယ်ရေးစစ်ပွဲ၏ဖိအားနှင့် ကြွေးမြီပြဿနာများကြား စီးပွားရေးပြိုလဲမှုအန္တရာယ်ကို စိုးရိမ်နေရပြီး လာမည့်နှစ်များတွင် လုပ်သားစုစည်းမှုအသစ် ပြန်လည်တည်ဆောက်ရန် လိုအပ်လာမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက အစိုးရအား တိုက်တွန်းထားသည်။
အရင်းအမြစ် – ဘန်ကောက်ပို့စ်

