ဘန်ကောက်၊ မတ်(၂၁) — ထိုင်းရဲတပ်ဖွဲ့က တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ယောက်ကို Crypto ငွေကြေးလိမ်လည်မှုကွန်ရက်ကို ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲပြီး ပတ္တယားမြို့က ၄င်းတို့ရဲ့ဇိမ်ခံအိမ်ကြီးတစ်လုံးမှာ ဖမ်းဆီးလိုက်ပါတယ်။ ဒီဖမ်းဆီးမှုမှာ သူမရဲ့ချစ်သူဖြစ်သူဟာလည်း နိုင်ငံတကာပြန်ပေးသမားတစ်ယောက်အဖြစ် ပုန်းအောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။
ထိုင်း Cyber ရဲတပ်ဖွဲ့ (TCSD) က အသက် ၂၇ နှစ်အရွယ် တရုတ်နိုင်ငံသူ ဒီဝူး (Di Wu) ကို USDT 18.4 သန်း (အမေရိကန်ဒေါ်လာ ၆၁၈ သန်းနီးပါး) တန်လိမ်လည်မှုနဲ့ အမြတ်ထုတ်ခဲ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးလိုက်ပါတယ်။ ဒီလိမ်လည်မှုမှာ ထိုင်းကျောင်းဆရာမတစ်ယောက်လည်း ငွေအမြောက်အမြားဆုံးရှုံးခဲ့ရပါတယ်။
TCSD ရဲ့ ဗိုလ်ချုပ်ကြီး ထွိုင်းရုန်းဖီဝမ်း (Lt. Gen. Trairong Phiwphan) က ပတ္တယားမြို့ရှိ ၄င်းတို့ဇိမ်ခံအိမ်ကြီးတစ်လုံးကို ဝင်ရောက်စစ်ဆေးစဉ်မှာ Interpol ရဲ့ အနီရောင်သတိပေးချက်နဲ့ အလိုရှိနေတဲ့ ကျိုးဇုန်ယုန် (Zhou Zongyon၊ ၂၉ နှစ်) ဆိုတဲ့ တရုတ်နိုင်ငံသား ပြန်ပေးသမား ပုန်းအောင်းနေတာကို ရုတ်တရက်တွေ့ရှိခဲ့ပါတယ်။
ကျိုးဇုန်ယုန်ရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးကြည့်တဲ့အခါ ထိုင်းနိုင်ငံကို တရားဝင် ဝင်ရောက်ခဲ့တဲ့ မှတ်တမ်းမရှိဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ သူက ကမ္ဘောဒီးယားနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ တရုတ်သံရုံးနဲ့ပူးပေါင်းစုံစမ်းရာမှာ သူဟာ ကမ္ဘောဒီးယားနိုင်ငံ ဆီဟာနွတ်ဗီးလ်မြို့မှာ တရုတ်အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲညှဉ်းပန်းပြီး ဒေါ်လာ ၁၃၈,၀၀၀ ကျပ်တောင်းခံခဲ့တဲ့ နိုင်ငံတကာပြန်ပေးသမားဖြစ်ကြောင်း သိရပါတယ်။ ပြန်ပေးဆွဲခံရသူကတော့ လက်ရှိထိ ပျောက်ဆုံးနေဆဲဖြစ်တယ်။
ပြီးခဲ့သည့် ၂၀၂၄ ဧပြီလ ၂ ရက်မှာ ထိုင်းနိုင်ငံသူ ကျောင်းဆရာမတစ်ယောက်ကို Facebook ကနေ ဆွဲဆောင်ပြီး LINE မှာဆက်သွယ်ကာ M-DAQP အက်ပ်ကနေ “စင်ကာပူရင်းနှီးမြှုပ်နှံမှုအဖွဲ့” ဆိုပြီး လိမ်လည်ခဲ့ပါတယ်။
ကျောင်းဆရာမတစ်ယောက်ဟာ အစပိုင်းမှာ ငွေအနည်းငယ်ပြန်ထုတ်နိုင်ပေမယ့် နောက်ပိုင်း ၁၆ ရက်အတွင်း ဘတ်ငွေ ၁.၅ သန်း (ဒေါ်လာ ၄၄,၄၀၀) ထပ်မံထည့်ဝင်ရာမှ ပြန်မထုတ်နိုင်တော့ဘဲ စုစုပေါင်း ဘတ် ၁,၄၄၂,၁၀၀ (ဒေါ်လာ ၄၂,၆၉၀) ဆုံးရှုံးခဲ့ရပါတယ်။
ထိုင်း Cyber ရဲတွေက သားကောင်တွေဆီကရတဲ့ငွေတွေကို လက်ခံတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်ရဲ့ “အကောင့်အတု” တွေကို ခြေရာခံပြီး Binance နဲ့ အခြားဒီဂျစ်တယ်ငွေလဲလှယ်ရေးတွေကနေ USDT အဖြစ်ပြောင်းလဲကာ ဒီဝူးရဲ့ဒီဂျစ်တယ်အိတ်ကပ်ထဲကို လွှဲပြောင်းခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၄င်းတို့ရဲ့ဇိမ်ခံအိမ်တွင်းရှာဖွေရာမှာ လိမ်လည်ငွေတွေကို လက်ခံတဲ့ ခရစ်ပတိုအကောင့်တွေအတွက် အသုံးပြုထားတဲ့ နိုင်ငံကူးလက်မှတ်တွေ၊ ကမ္ဘောဒီးယားမှာ ဇိမ်ခံကားတွေ၊ ငွေသားအမြောက်အမြားနဲ့ မူးယစ်ဆေးသုံးစွဲမှုမှတ်တမ်းတွေ ပါဝင်တဲ့ ဖုန်းဓာတ်ပုံတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီဝူးက ထိုင်း၊ မလေးရှားနဲ့ တရုတ်ကြား မကြာခဏခရီးသွားလာခဲ့ကြောင်း မှတ်တမ်းတွေအရသိရပါတယ်။
သို့သော် ဒီဝူးက စွပ်စွဲချက်အားလုံးကို ငြင်းဆိုကာ သူမ၏အချက်အလက်များကို အိမ်နီးချင်းနိုင်ငံများရှိ မှုခင်းဂိုဏ်းများက ငွေဖြူပြုလုပ်ရန် Crypto အကောင့်များဖွင့်ရာတွင် အသုံးပြုခဲ့နိုင်တယ်လို့ ဆိုသည်။ သူမခရီးသွားလာမှုများမှာ အွန်လိုင်းမှတစ်ဆင့် ဖျော်ဖြေရေးလက်မှတ်တွေ (concert tickets) ရောင်းချခြင်းနှင့် ဆိုင်သည်ဟု ပြောဆိုခဲ့သည်။ စုံစမ်းရေးများက သူမ၏အီလက်ထရွန်းနစ်မှတ်တမ်းများကို စနစ်တကျ စုဆောင်းကာ ခိုင်မာသောအထောက်အထားများ ရှာဖွေနေဆဲဖြစ်သည်။
ဗိုလ်ချုပ်ကြီး ထွိုင်းရုန်းဖီဝမ်းက တရုတ်နိုင်ငံသား နှစ်ဦးစလုံးအား ထိုင်းနိုင်ငံမှာ တရားစွဲဆိုမှုတွေ ပြီးမှသာ တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းမည်ဟု ပြောကြားခဲ့သည်။ ထိုင်း Cyber ရဲများကလည်း ဤလုပ်ငန်းတွင် ပါဝင်နေသည့် အခြားသံသယရှိသူများကို ဆက်လက်စုံစမ်းဖော်ထုတ်နေသည်။
သားကောင်များထံမှငွေများကို လက်ခံခဲ့သည့် ထိုင်းနိုင်ငံသား ၄ ဦးအနက် ၃ ဦးကို ဖမ်းဆီးနိုင်ပြီး ကျန်တစ်ဦးအား လိုက်လံရှာဖွေနေဆဲဖြစ်သည်။
Source; Khaosod English.
