(ကန်ချနပူရီ၊ မတ် ၂၁)* — ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်အတွင်း မတ်လ ၂၁ ရက် မနက်စောစောအချိန် ၁၂:၃၀ နာရီခန့်က တရားမဝင် မြန်မာအလုပ်သမားများကို သယ်ဆောင်လာသည့် ကားတစ်စီးအား စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဝန်ထမ်းများပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးခဲ့သည်။
မနက် ၂:၀၀ နာရီတွင် စံခလပူရီမြို့နယ်၊ လိုင်းဝိုကျေးရွာမှ ထွက်ခွာလာပြီး ထောင်ဖာဖွန်မြို့သို့ ဦးတည်နေသည့် သံသယဖြစ်ဖွယ်ကားအား ရဲတပ်ဖွဲ့က ရပ်တန့်စေရန် အချက်ပြခဲ့ရာ ကားမောင်းသူက အမှောင်ထုကို အခွင့်ကောင်းယူ၍ အမြန်နှုန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားသော်လည်း ကျန်ရှိသည့်ကားနှင့် အလုပ်သမားများကို ဖမ်းဆီးရမိခဲ့သည်။
ကားအတွင်းတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၄ ဦးအပါအဝင် ကလေးငယ် ၁ ဦးပါဝင်ပြီး အားလုံးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ အချို့မှာ ထိုင်းဘာသာစကား မပြောတတ်ဘဲ စည်းမျဉ်းမလိုက်နာဘဲ နယ်စပ်မှ တိတ်တဆိတ်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လမ်းကြောင်းပြလူပို့ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးခဲ့ရကြောင်း ဝန်ခံထွက်ဆိုကြသည်။
ယခုစီမံချက်ကာလတွင် ဘုရားသုံးဆူ-စံခလပူရီလမ်းကြောင်းကနေ ထိုင်းနိုင်ငံအတွင်းသို့ လူပွဲစားများစီစဥ်သော တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်မည် ၁၀၀% အဖမ်းခံရမှာသေချာကြောင်း နယ်စပ်ဒေသအရေး လေ့လာသူများက သုံးသပ်ထားသည်။
ယခုဖမ်းဆီးမိသူများအား ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ကားပိုင်ရှင်အား ဆက်လက်စုံစမ်းစစ်ဆေးနေသည်။
Source-CaoCao