ထိုင်းပင်လယ်ကွေ့ ချွန်ပူရီပြည်နယ် ကမ်းခြေတွေမှာ အနက်ရောင် တီးလားပီးယား (Black-chinned tilapia) ငါးများ ပျံ့နှံ့လာမှုကြောင့် တံငါသည်များလည်း စီးပွားရေး အခက်အခဲများ ကြုံတွေ့နေရသည်။ ဤငါးမျိုးစိတ်သည် ဒေသရင်း ငါးမျိုးစိတ်များကို ခြိမ်းခြောက်ကာ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည့်အပြင် တံငါသည်များ၏ လုပ်ငန်းများကိုလည်း အနှောင့်အယှက် ဖြစ်နေစေခဲ့သည်။
ဤငါးမျိုးစိတ်သည် ဒေသရင်း ငါးငယ်များ၊ ကဏန်းငယ်များနှင့် အခြားရေသတ္တဝါများကို စားသုံးခြင်းဖြင့် ဂေဟစနစ်ကို ထိခိုက်စေသည်။ ထို့အပြင် ဤငါးများသည် မူလငါးမျိုးစိတ်များထက် ပိုမိုကြီးထွားလွယ်ပြီး လျင်မြန်စွာ ပွားများနိုင်သည့်အတွက် ပြဿနာကို ပိုမိုဆိုးရွားစေနိုင်သည်။
ဒေသခံ တံငါသည်တစ်ဦး၏ မိခင်ဖြစ်သူက “ကျွန်မရဲ့သားက ငါးဖမ်းဖို့ ပိုက်ကွန်ချထားတာ အနက်ရောင် တီးလားပီးယား ငါးတွေ အများကြီးပါလာတယ်။ ဒီငါးတွေက ကြီးမားပြီး အရေအတွက်လည်း များလာတယ်။ အခုဆို ပုစွန်၊ ပြည်ကြီးငါးတွေ သိသိသာသာ နည်းလာတယ်။ ဒီငါးတွေက ငါးငယ်တွေ၊ ကဏန်းငယ်တွေကို စားနေလို့ ဖြစ်မယ်လို့ ထင်တယ်” ဟု ပြောကြားခဲ့သည်။
Samaesan ဒေသ တံငါသည်များ အသင်း၏ ဥက္ကဋ္ဌ ပရဆိတ် ဖိဒါကွန်းက ဤပြဿနာကို ဖြေရှင်းရန် ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ဒေသခံ တံငါသည်တွေရဲ့ အခက်အခဲတွေကို သိရှိပြီး Sattahip နဲ့ Chonburi ရဲ့ ငါးလုပ်ငန်းဌာနတွေကို အကြောင်းကြားထားပါတယ်။ ဒီငါးတွေက လျင်မြန်စွာ ပွားများနေတာကြောင့် ဂေဟစနစ်ကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် အရေးပေါ် ဖြေရှင်းမှုတွေ လိုအပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ဒေသခံ တံငါသည်များက Black-chinned tilapia ငါးမျိုးစိတ်သည် တံငါသည်များ၏ စီးပွားရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနေသည်။ ဒေသခံများက ဤငါးမျိုးစိတ်ကို ထိန်းချုပ်ရန်နှင့် ဂေဟစနစ်ကို ကာကွယ်ရန် အရေးပေါ်အစီအမံများ ချမှတ်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုနေကြသည်။
Sattahip နှင့် Chonburi ရှိ ငါးလုပ်ငန်းဌာနများက ဒေသခံများ၏ တောင်းဆိုချက်များကို လက်ခံပြီး ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ သို့သော် ဤပြဿနာသည် ကြီးမားသည့် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ချက်ချင်းအရေးယူမှုများ လိုအပ်နေကြောင်း ဒေသခံများက ထောက်ပြထားသည်။
ထိုင်းအစိုးရအိမ်တော်ရှေ့၌ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် တံငါသည်များနှင့် ဒေသခံပြည်သူများက “Blackchin Tilapia” ငါးမျိုးစိတ်ဝင်ရောက်မှုပြဿနာအား အစိုးရက ထိထိရောက်ရောက်မကိုင်တွယ်ဟု စွပ်စွဲကာ ဆန္ဒပြပွဲတရပ်ကို သွားရောက်ပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံ၏ ပြည်နယ် ၁၉ ခုမှ တံငါသည်ဆန္ဒပြသူများက ကားများမှ Blackchin Tilapia ငါးအလေးချိန် ၂ တန်ကို အစိုးရအိမ်တော်ရှေ့တွင် ဖြန့်ခင်းပြသခဲ့ပြီး ငရုတ်သီးနှင့် ဆားများကို မီးရှို့ခဲ့ကြသည်။
ဤအလေ့အထသည် ထိုင်းရိုးရာ ကံဆိုးမှုကို ပြသသည့် ဓလေ့တစ်ခုဖြစ်သည်။ ဆန္ဒပြသူများက ဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် တွေ့ဆုံရန် လိုလားကြောင်း ဖော်ပြခဲ့သော်လည်း ဝန်ကြီးချုပ်ကိုယ်တိုင် မလာဘဲ ကိုယ်စားလှယ်တစ်ဦးသာ စေလွှတ်ခဲ့သည်။
ဆန္ဒပြသူများ၏ တောင်းဆိုချက်များ
- Blackchin Tilapia ငါးများ မှောင်ခိုသွင်းခဲ့သူများအား စုံစမ်းရန် လွတ်လပ်သော ကော်မတီဖွဲ့စည်းပေးရန်။
- တစ်နှစ်အတွင်း ငါးမျိုးစိတ်အားလုံးကို အမြစ်ဖြတ်ရှင်းလင်းရန်။
- ထိခိုက်နေသော ဒေသများအား သဘာဝဘေးဒဏ်သင့်ဇုန်အဖြစ် အမြန်ကြေငြာပေးရန်။
- တရားစွဲဆိုရန် အစိုးရအေဂျင်စီများအား အမိန့်ပေးရန်။
ဆန္ဒပြမှုတွင် အတိုက်အခံ ပြည်သူ့ပါတီ မှ အမတ်များဖြစ်သည့် Wiroj Lakkhanaadisorn နှင့် Nattacha Boonchaiinsawat တို့လည်း ရောက်ရှိလာကာ ဆန္ဒပြသူများနှင့် သဘောထားမျှဝေခဲ့ပါကြောင်း။
Source; The Nation နှင့် ထိုင်းမီဒီယာများ