ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တရုတ်နိုင်ငံကိုယ်စားလှယ်တို့ ကူမင်းမြို့၌ ယနေ့ တွေ့ဆုံဆွေးနွေးမည်ဟု မြောက်ပိုင်းဒေသ တော်လှန်ရေးအရင်းမြစ်များက ထုတ်ဖော်ပြောဆိုသည်။
ထို့အပြင် မြန်မာနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကလည်း ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင်လည်း ယနေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ယခုတွေ့ဆုံမှုသည် KIA နှင့် တရုတ်ကိုယ်စားလှယ်တို့ကြား ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး၊ ယခင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၌ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အလားတူပင် မြန်မာ့စစ်တပ်နှင့် MNDAA တို့ကြား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့နှင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်အထိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။
သို့သော် ယင်းသဘောတူညီချက် ပျက်ပြယ်သွားပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး MNDAA က လားရှိုးမြို့နှင့် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆-၁၇ ရက်တွင် မြန်မာ့စစ်တပ်နှင့် MNDAA တို့ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးပြီး ဇန်နဝါရီ ၁၈ ရက်မှ စတင်၍ နှစ်ဖက် ယာယီ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးထား၍ MNDAA တပ်ဖွဲ့များ လားရှိုးမြို့မှ ဆုတ်ခွာရန် သဘောတူညီခဲ့ကြသည်။
လက်ရှိတွင် MNDAA တပ်ဖွဲ့များသည် လားရှိုးမြို့၌ မြို့စောင့်တပ်အဖြစ် အင်အား ၈၀၀ ကျော်ဖြင့် တပ်စွဲထားပြီး၊ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့အင်အား ၃၀၀ ဝန်းကျင်နှင့် အရံတပ်သား ၂၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည်။


