နေပြည်တော် တပ်ကုန်းမြို့နယ်၊ ကင်းသာ-ပင်လောင်းလမ်းပေါ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ မောင်းနှင်လာသော ဖြူ/ပြာရောင် Light Truck ယာဉ်တစ်စီးအား မတ် ၁၇ ရက် နံနက်ပိုင်းက စစ်ဆေးရာတွင် နနွင်းတက်အိတ်များအတွင်း သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၆ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်မျိုးစုံ ၁,၆၀၀ ကျော်နှင့် စစ်သုံးပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် လက်နက်စာရင်းတွင် MA-1၊ MA-2၊ M-16 စသည့် သေနတ်များ၊ စစ်သုံးယူနီဖောင်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က “ယာဉ်ကို စစ်ဆေးရာမှာ သံသယဖြစ်စရာအပြုအမူတွေ့ခဲ့တယ်” ဟု မှတ်ချက်ပြုသည်။
ဖမ်းဆီးခံရသူများသည် မကွေးတိုင်းဒေသကြီးဘက်သို့ ခရီးဆက်ရန် စီစဉ်ထားကြောင်း၊ လမ်းကြောင်းအတွင်း ဂိတ်စောင့်အဖွဲ့များ၏ ပုံမှန်စစ်ဆေးမှုကို ရှောင်ရှားရန် နနွင်းအိတ်များဖြင့် ဖုံးအုပ်ခဲ့ကြောင်း၊ ယာဉ်ကို ပုံမှန်စစ်ဆေးရာမှ သံသယဖြစ်ဖွယ်အပြုအမူများကြောင့် နနွင်းအိတ်များကို ထပ်မံစစ်ဆေးခဲ့ရာတွင် လက်နက်များ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ၂ ဦးအား အမှုဖွင့်တရားစွဲဆိုထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

