မွန်ပြည်နယ်အတွင်း စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် Person Scrutinization and Monitoring System (PSMS) စနစ်ဖြင့် ဖမ်းဝရမ်းအထုတ်ခံထားရသူများအား ဖမ်းဆီးမှုများ ရှိနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
နိုင်ငံအတွင်း နေထိုင်သူများအား e-ID စနစ်ဖြင့် မှတ်ပုံတင်နှင့် လူတစ်ဦးချင်းစီ၏ အချက်အလက်များ ကောက်ယူထားပြီးနောက် National Database အတွင်း အချက်အလက်များ စုစည်းထားကြောင်း၊ တည်ဆဲဥပဒေချိုးဖောက်ထားခြင်း ရှိ၊ မရှိကိုလည်း Person Scrutinization and Monitoring System (PSMS) စနစ်ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ဖမ်းဝရမ်းအထုတ်ခံထားရသူများအား တိုက်ဆိုင်စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“အဲ့ဒီ Person Scrutinization and Monitoring System (PSMS) စနစ်ကို ကွန်ပြူတာတို့၊ တက်ဘလက်တို့ထဲမှာ ထည့်ပြီးရင် လူနာမည်နဲ့ မှတ်ပုံတင်အမှတ်ရိုက်ထည့်လိုက်တာနဲ့ အဲ့ဒီလူရဲ့ အချက်အလက်တွေ အကုန်ကျလာတယ်။ အဲ့ဒီလူမှာက ပြစ်မှုကျူးလွန်ထားခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပြစ်မှုရှိပါက မည်သည့်ရဲစခန်းတွင် မည်သည့်ပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ထားသည်ကိုလည်း အချက်အလက်များ ထည့်သွင်းထားသည်ကို သိရကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က မော်လမြိုင်မြို့၊ စက်မှုဇုန်ရပ်ကွက် အတ္ထရံတံတား (မော်လမြိုင်) စက်မှုဇုန်ဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် ဘားအံမြို့ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် Light Truck အဖြူရောင် မြတ်ရတနာမင်း ခရီးသည် ကြို/ပို့ယာဉ်ဖြင့် လိုက်ပါလာသော ခရီးသည်များအား သက်ဆိုင်ရာမှ စစ်ဆေးစဉ် မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် စွမ်းပြည့်စုံ ဆိုသူမှာ တရားခံပြေးစာရင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မရဲစခန်းမှ အလိုရှိနေသူ တရားပြေးတစ်ဦးဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။
ယခုနောက်ပိုင်းတွင် မြို့ဝင်၊ မြို့ထွက်များ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် Person Scrutinization and Monitoring System (PSMS) စနစ်အသုံးပြုပြီး CDM ဝန်ထမ်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ပြေး၊ ရဲပြေးအပြင် ပြစ်မှုကျူးလွန်ထားသူများနှင့် ဖမ်းဝရမ်းအထုတ်ခံထားရသူများ စစ်ဆေးရှာဖွေ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
Photo-စစ်ကောင်စီစစ်ဆေးရေးဂိတ် ပုံအဟောင်း။
