စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ မတ်(၁၉) ရက်တွင် ကျရောက်သော (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ မွန်တိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးအား ကျန်းမာချမ်းသာရေး ဆုတောင်းခြင်းနှင့် မွန်ပြည်နယ်၏ သမိုင်းဝင် ဂုဏ်ရောင်ကို အသိအမှတ်ပြုခဲ့ကြောင်း နိဒါန်းချီ၍ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။
၄င်းသဝဏ်လွှာက မွန်လူမျိုးများသည် မြန်မာ့သမိုင်းတွင် ဗုဒ္ဓသာသနာ၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုကို အစောဆုံးထိန်းသိမ်းခဲ့သော အမျိုးသားရေးအစဉ်အလာရှင်များဖြစ်ကြောင်း၊ သထုံဒေသမှ သုဓမ္မဝတီတိုင်းပြည်အထိ ဂုဏ်ယူစရာ မင်းများ၊ ပညာရှင်များ၊ သူရဲကောင်းများ ပေါ်ထွန်းခဲ့ကြောင်း ဖော်ပြသည်။
“ ဝေါဆရာတော် ဦးဥတ္တမရမ္တ၊ ဦးသီလဝန္တ (မင်းရွှေငို)စသည့် ကျမ်းဂန်တတ် ရဟန်းပညာရှိများ၊ ပထမဆုံးအနောက်တိုင်းဆေးပညာရှင် ဒေါက်တာရှောလူး၊ သိပ္ပံမောင်ဝ၊ ဒေါက်တာနိုင်ပန်းလှ၊ ဒေါက်တာမင်းတင်မွန် စသည့် ပညာရှိများနှင့် စာပေပညာရှင်များ၊ ရာဇဓိရာဇ်၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသည့် သူရသတ္တိနှင့်ပြည့်စုံသော သူရဲကောင်းများပေါ်ထွန်းခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်”ဟု ဆိုသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်မှစ၍ မွန်ပြည်နယ်အား ခရိုင် ၄ ခု၊ မြို့နယ် ၁၀ ဖြင့် ပြန်လည်ဖွဲ့စည်းကာ တည်ငြိမ်ရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများကို ဦးစားပေးအကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မွန်ပြည်နယ်သည် ထိုင်းနှင့်နယ်နိမိတ်ချင်း ထိစပ်ပြီး သံလွင်မြစ်ကြောင်းနှင့် ပင်လယ်ဆိပ်ကမ်းများဖြင့် ကုန်သွယ်ရေးဗဟိုအဖြစ် အခန်းကဏ္ဍမှပါဝင်ကာ သဘာဝသယံဇာတ၊ စိုက်ပျိုးရေးနှင့် ဘာသာရေးအမွေအနှစ်များ ပေါကြွယ်ဝကြောင်း ထောက်ပြသည်။
လက်ရှိပဋိပက္ခများ၊ အကြမ်းဖက်မှုများကို နိုင်ငံတော်အကျိုးနှင့် ပြည်သူ့ဘေးကင်းရေးအတွက် ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံကိုကာကွယ်ရန် အလေးထားပြောကြားခဲ့သည်။
SAC အနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရန် စီမံဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ပူးပေါင်းဆောင်ရွက်မှုကို အဓိကထား၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ဦးတည်နေကြောင်း ဖွင့်ဟခဲ့သည်။
စီးပွားရေး၊ ပညာရေး၊ လူငယ်များ၏စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ဖြင့် ဖွံ့ဖြိုးသာယာသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန် တိုက်တွန်းကာ မွန်ပြည်နယ်နေ့၏ဂုဏ်ကို အမျိုးသားရေးစည်းလုံးမှုဖြင့် ဂုဏ်ပြုခဲ့ကြောင်း သဝဏ်လွှာက ဖော်ပြသည်။