ကရင်ပြည်နယ် ထိုင်းနယ်စပ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် အလုပ်လုပ်နေစဉ် အဓမ္မပြုကျင့်ခံခဲ့ရပြီး ကိုယ်ဝန်ရှိလာသည့် နိုင်ငံခြားသား အမျိုးသမီး ၁၂ ဦးတို့က ထိုင်းနိုင်ငံထံ ကျန်းမာရေးကုသမှုရရှိရန် အကူအညီတောင်းဆိုခဲ့ကြောင်း The Nation သတင်းစာ၏ မတ်လ ၂၁ ရက်ဖော်ပြချက်အရ သိရသည်။
လူကုန်ကူးမှုပြဿနာများအတွက် ပြည်သူ့လူမှုအဖွဲ့အစည်းကွန်ယက် (CSNAHTV)၏ ဖော်ပြချက်အရ အဆိုပါနိုင်ငံခြားအမျိုးသမီး ၁၂ ဦးမှ တစ်ဦးသည် ဗုဒ္ဓဟူးနေ့တွင် ကိုယ်ဝန်ပျက်ကျခဲ့သည်။
၄င်းအမျိုးသမီးများမှာ အီသီယိုးပီးယားနိုင်ငံသား ၃၂၀ ကျော်အပါအဝင် တရုတ်လူမျိုးအုပ်စုများက ကရင်ပြည်နယ် မြဝတီမြို့နယ် ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းမြို့သို့ လှည့်စားခေါ်ဆောင်ခံခဲ့ရသူများဖြစ်သည်ဟု ဆိုသည်။
CSNAHTV ညှိနှိုင်းရေးမှူးက ထိုင်းနိုင်ငံ၏ ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် လူ့အခွင့်အရေးကော်မရှင်သို့ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုတောင်းခံခဲ့ရာ ထိုင်းလူ့အခွင့်အရေးကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာသံရုံးများအား ကူညီရန် ညှိနှိုင်းမှုပြုလုပ်ပြီး၊ လိုအပ်ပါက ထိုင်းနိုင်ငံတွင် အရေးပေါ်ကုသမှုခံယူနိုင်ရေး စီစဉ်ပေးမည်ဟု ပြန်ကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) တို့က ထိုလုပ်ငန်းစခန်းများကို စီးနင်းသိမ်းပိုက်ကာ လူ ၆,၅၀၀ ကျော်အား ဖမ်းဆီးခဲ့ပြီး ထိန်းသိမ်းရေးစခန်းများတွင် ထားရှိကာ သက်ဆိုင်ရာနိုင်ငံများသို့ မြန်မာစစ်ကောင်စီက ဥပဒေနှင့်အညီ လွှဲပြောင်းပေးလျှက်ရှိသည်။
Ref; The Nation.

