ကရင်ပြည်နယ် မြဝတီမြို့ရှိ တရုတ်ငွေလိမ်လုပ်ငန်းများတွင် အလုပ်လုပ်နေသည့် အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ နှင့် သီရိလင်္ကာနိုင်ငံသား ၁၄ ဦးကို ယမန်နေ့ (မတ်လ ၁၇ ရက်) တွင် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့က ထိုင်းအာဏာပိုင်များမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသံရုံးတာဝန်ရှိသူများထံ လွှဲပြောင်းပေးပို့ခဲ့သည်။
မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့တွင် ငွေလိမ်လုပ်ငန်းများမှ နိုင်ငံခြားသားများကို စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့များက စစ်ဆေးမှတ်တမ်းယူပြီး မြဝတီ BGF တပ်ဖွဲ့က ထိုင်းနိုင်ငံသို့ ပို့လိုက်ပြီးနောက် သက်ဆိုင်ရာနိုင်ငံသံရုံးတာဝန်ရှိသူများက နေရပ်ရင်းနိုင်ငံများသို့ ပြန်ခေါ်ယူသွားခြင်းဖြစ်ကြောင်း BGF ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောသည်။
“ဒီမနက်ကတော့ အင်ဒို ၄၀၀၊ သီရိလင်္ကာ ၁၅ ဦး၊ စုစုပေါင်း ၄၁၅ ဦးကို တံတား-၂ မှတစ်ဆင့် ပို့ခဲ့ပါတယ်။ ထိုင်းဘက်က ကားနဲ့လာခေါ်ပြီး မဲဆောက်မှတစ်ဆင့် လေကြောင်းဖြင့် သွားမလား၊ ကားနဲ့ နယ်စပ်တို့ ဘန်ကောက်သံရုံးတို့ကို သွားမလားဆိုတာတော့ မသိရသေးပါဘူး။ နောက်ရက်တွေမှာလည်း ဆက်လွှဲမယ့် အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ကျန်ရှိနေသေးတယ်” ဟု BGF တပ်ဖွဲ့၏ သတင်းအရင်းအမြစ်က ပြောသည်။
လတ်တလော BGF တပ်ဖွဲ့က ထိန်းသိမ်းထားသည့် ငွေလိမ်လုပ်ငန်းများမှ အလုပ်သမားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လွှဲပို့ရန် ကျန်ရှိနေသူများထဲတွင် နိုင်ငံပေါင်း ၃၀ မှ လူသုံးထောင်နီးပါးရှိနေသေးကြောင်း သိရသည်။ ယင်းထဲမှ လူလေးရာကျော်ကို ယနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ခဲ့ပြီး အဆိုပါမြို့မှတစ်ဆင့် ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာသံရုံးများသို့ အမြန်ကားများဖြင့် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
မနက်ဖြန် မတ်လ ၁၈ ရက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံသား ၁၅၀ ကျော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦး အပြင် ဂျပန်နိုင်ငံက အလိုရှိနေသည့် တရားခံ ဂျပန်နိုင်ငံသား တစ်ဦးကို သက်ဆိုင်ရာသံရုံးနှင့် တာဝန်ရှိသူများက မဲဆောက်-မြဝတီ တံတား-၂ တွင် လာရောက်ခေါ်ယူမည်ဟု BGF တပ်ကွပ်ကဲရေးရုံး သတင်းအရင်းအမြစ်က ပြောသည်။
ဤဖြစ်ရပ်သည် ယခုလအစောပိုင်းက တရုတ်ပြည်သို့ လွှဲပြောင်းပို့ဆောင်ခဲ့သည့် ငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်နေပြီး၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူများကို ငွေလိမ်လုပ်ငန်းများတွင် ခိုင်းစေခြင်းနှင့် နိုင်ငံတကာမှ ဖိအားပေးမှုများကြောင့် လွှဲပြောင်းပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရခြင်းဖြစ်သည်။


