အမေရိကန်အစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် လည်ပတ်နေသော အမေရိကန်အသံ (VOA) သတင်းဌာန၏ စာချုပ်ဝန်ထမ်းများအား သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရက အလုပ်ထုတ်ပယ်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
ထရမ့်က VOA အပါအဝင် အမေရိကန်မီဒီယာအချို့ကို ရန်ပုံငွေထောက်ပံ့ပေးနေသော အစိုးရအေဂျင်စီလုပ်ငန်းများနှင့် အသုံးစရိတ်များကို အနိမ့်ဆုံးအဆင့်ဖြတ်တောက်လျှော့ချရန် လက်မှတ်ရေးထိုးအမိန့်ထုတ်ပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် VOA ၏ စာချုပ်ဝန်ထမ်းများထံ အလုပ်ရပ်စဲကြောင်း အီးမေးလ်များ စတင်ရောက်ရှိလာခဲ့သည်။
VOA ၏ ဝန်ထမ်းအများစုမှာ နိုင်ငံခြားသားများဖြစ်ပြီး သူတို့၏ အလုပ်အကိုင်နှင့် အမေရိကန်တွင် နေထိုင်ခွင့်ဗီဇာများအပေါ် ထိခိုက်မှုများ ရှိနိုင်ကြောင်း သိရသည်။ VOA ၏ အချိန်ပြည့်ဝန်ထမ်းအများစုမှာ ဥပဒေကြောင်းအရ ပိုမိုအားကောင်းသော အကာအကွယ်အောက်တွင် ရှိနေသော်လည်း လောလောဆယ် အလုပ်ထုတ်ပယ်သည့် အီးမေးလ်များ သူတို့ထံ မရောက်ရှိသေးပေ။
VOA သည် နာဇီဂျာမနီ၏ ဝါဒဖြန့်မှုများကို တန်ပြန်ရန် ဒုတိယကမ္ဘာစစ်ကာလတုန်းက စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ မြန်မာအပါအဝင် ဘာသာစကား ၄၉ မျိုးဖြင့် သတင်းများ ထုတ်လုပ်နေခဲ့သည်။ VOA ၏ သတင်းများသည် ကမ္ဘာပေါ်ရှိ သတင်းလွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံများအထိ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ဒီမိုကရေစီစနစ်၏ သဘောတရားများကို အမေရိကန်က ပြည်ပသို့ တင်ပို့ရာတွင် အရေးပါသော ယန္တရားတစ်ခု ဖြစ်ခဲ့သည်။
ထရမ့်၏ ဤလုပ်ရပ်သည် အစိုးရကို တစ်စစီဖြိုနေသော နောက်ထပ်အားထုတ်မှုတစ်ခုဖြစ်ပြီး သတင်းလွတ်လပ်ခွင့်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာသည့် လုပ်ရပ်လည်း ဖြစ်သည်။
ထရမ့်၏ အမိန့်အရ အမေရိကန်ကမ္ဘာလုံးဆိုင်ရာ မီဒီယာအေဂျင်စီ (USAGM) ၏ လုပ်ငန်းအားလုံးကို ဥပဒေက ခွင့်ပြုသည့် အဆင့်ထိ အနည်းဆုံးအရင်းအမြစ်မျိုးဖြင့် လည်ပတ်ရန် ညွှန်ကြားခဲ့သည်။
ထရမ့်၏ ဆုံးဖြတ်ချက်သည် လွတ်လပ်သော အမေရိကန်မီဒီယာများအတွက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်ခဲ့ပြီး တစ်ဖက်တွင်လည်း ထရမ့်သည် သတင်းရယူပိုင်ခွင့်များကို ပိုမိုပိတ်ပင်တားဆီးရန် ကြိုးစားလာသည်။ ဥပမာအားဖြင့် အိမ်ဖြူတော်တွင် သတင်းယူရေး လုပ်ပိုင်ခွင့်ကို အစိုးရက လက်လွှဲယူခဲ့သလို ထရမ့်၏ အလိုဆန္ဒနှင့် ဆန့်ကျင်ပြီး သတင်းရေးသားသော AP ကဲ့သို့သော သတင်းဌာနမျိုးကို ထရမ့်၏ နိုင်ငံတကာခရီးစဉ်များမှ လိုက်ပါခွင့် ပိတ်ပင်ခြင်းမျိုးတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာခဲ့သည်။
USAGM ၏ အကြီးအမှူးနေရာကို ထရမ့်၏ သစ္စာတော်ခံတစ်ဦးဖြစ်သူ သတင်းကြေညာသူဟောင်း ကာရီလိတ်ခ်က လက်လွှဲယူရန် စီစဉ်နေသည်။ လိတ်ခ်က USAGM သည် နိုင်ငံခြားသူလျှိုများပါ ခြေရှုပ်နေပြီး အမေရိကန်ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဝေဖန်ထားသည်။
