စစ်ကောင်စီတပ်များသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသော နောင်ချိုဒေသရှိ အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေခြင်းမှာ အပစ်ရပ်ဆွေးနွေးပွဲအတွက် ဖိအားပေးလာသည်ဟု ယူဆကြောင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြောသည်။
TNLA ပြောခွင့်ရသူ လွေးယေဦးက” “လက်ရှိအချိန်မှာ နောင်ချိုဒေသက ဘာသာရေးအဆောက်အဦတွေ၊ ဆေးရုံတွေနဲ့ ပြည်သူတွေအိမ်ယာတွေကို ဦးတည်ပြီး တိုက်ခိုက်နေတယ်။ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ကူမင်းမြို့မှာ နောက်တစ်ခါကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖိအားပေးဖို့ လုပ်နေတာပဲလို့ ကျမတို့ ယူဆပါတယ်” ဟု ဆိုသည်။
မတ် ၁၆ ရက်နေ့ ညနေပိုင်းက နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုရင်နှင့် သံဃာ ၉ ပါး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသော နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေပြီး ပြင်ဦးလွင်မှ ထိုးစစ်ဆင်နေသည်ဟု သိရသည်။
ထို့အပြင်၊ နောင်ချိုမြို့ပေါ်တွင် မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိအားပေးသည့်အနေဖြင့် လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု TNLA ဘက်က ဆိုသော်လည်း၊ စစ်တပ်ဘက်မှ မည်သည့်တုံ့ပြန်ချက်မျှ မပေးခဲ့ပေ။
နိုင်ငံရေးလေ့လာသူများက စစ်ကောင်စီအနေဖြင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့်သာ ဆွေးနွေးပွဲများတွင် ပါဝင်နေရခြင်းဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရပ်စဲရန် စိတ်မဝင်စားဟု သုံးသပ်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုနှင့် စဉ့်ကူးမြို့များတွင် ဒေသခံ ၄၀ ကျော် သေဆုံးခဲ့ရသည်ကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။


