ရန်ကုန်-နေပြည်တော် အမြန်လမ်း (၃၉) မိုင်ယာဉ်ရပ်နားစခန်းရှိ ရွှေပလ္လင်စားသောက်ဆိုင်တွင် ဘုရားစေတီပုံများရိုက်နှိပ်ထားသည့် တစ်ခါသုံးခွက်များအား သက်ဆိုင်ရာမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၆ ရက် ည (၈) နာရီအချိန်ခန့်က ဘုရားကြီးမြို့ထွေ/အုပ်ဌာနမှ တာဝန်ရှိသူများနှင့် ဘုရားကြီးမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရွှေပလ္လင်စားသောက်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
“ရွှေပလ္လင်စားသောက်ဆိုင်မှာ စေတီပုံတော်ပါ တစ်ခါသုံးခွက်တွေကို အသုံးပြုနေတယ်လို့ သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးတဲ့အခါမှာ စေတီပုံတော်ပါတဲ့ တစ်ခါသုံးခွက်တွေကို တွေ့ရှိခဲ့ရပါတယ်” ဟု ဘုရားကြီးမြို့အုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဆိုင်အတွင်း၌ ဘုရားစေတီပုံများရိုက်နှိပ်ထားသည့် တစ်ခါသုံးခွက် (၂၅) ခွက်အား တွေ့ရှိခဲ့ရသည့်အတွက် သက်ဆိုင်ရာမှ သိမ်းဆည်းသွားကြောင်း သိရသည်။
