ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရခိုင်ပြည်နယ်မှ မွတ်ဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA) နှင့် တိုက်ရိုက်ဆွေးနွေးရန် လိုအပ်ကြောင်း မတ် ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဂူတာရက်စ်က “AA ဟာ သီးခြားအင်အားစုဖြစ်တဲ့အတွက် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနဲ့ လူသားချင်းစာနာမှုအထောက်အပံ့တွေ ပေးနိုင်ဖို့ သူတို့နဲ့ ညှိနှိုင်းသင့်တယ်” ဟု ရှင်းလင်းခဲ့သည်။ ထို့အပြင် မြန်မာစစ်ကောင်စီနှင့် AA တို့အား ဘင်္ဂလားဒေ့ရှ်အစိုးရက စည်းရုံးညှိနှိုင်းရန် အလေးအနက်တိုက်တွန်းခဲ့သည်။
AA သည် ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုအပါအဝင် ဘူးသီးတောင်၊ မောင်တောဒေသကို ထိန်းချုပ်ထားပြီး ဒုက္ခသည်ပြန်လည်နေရာချရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။
သို့သော် AA ဘက်မှ မွတ်ဆလင်များအား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ ရှင်းလင်းသောသဘောထား မထုတ်ပြန်သေးပေ။
ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း ၂၀၂၆ ခုနှစ်အတွင်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။ ဂူတာရက်စ်က ဤဖြစ်စဉ်ကို “လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လုပ်ငန်းစဉ်” အဖြစ် သတ်မှတ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအား ကူညီပေးရန် အလေးပေးတောင်းဆိုခဲ့သည်။
ထို့ကြောင့် ရခိုင်ကမ်းရိုးတန်းတွင် တရားမဝင် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနှင့် ပတ်သက်၍လည်း AA နှင့် ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယခုနှစ်အတွင်း ဖမ်းဆီးထားသူ ၅၀ ကျော်အား ပြန်လွှတ်ပေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး အရှိန်မြှင့်တင်ရန် ရည်ရွယ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

