တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် ယနေ့ (မတ် ၁၆ ရက်) မွန်းလွဲ ၅ နာရီ ၂၆ မိနစ်အချိန်က စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးက အနိမ့်ပျံသန်းလာပြီး စိန်ရတနာပရိယတ္တိစာသင်တိုက်ကို ဗုံးကျဲပစ်ခတ်ခဲ့သည်။
ဒေသခံတစ်ဦးက “လေယာဉ်က နိမ့်နိမ့်လေးပျံပြီး ပြည်သူတွေကို စစ်ဘေးရှောင်တွေမှန်းသိရက်နဲ့ တမင်ကို ရည်ရွယ်ပြီး လူသတ်သွားတယ်” ဟု ပြောဆိုခဲ့သည်။
ဗုံး ၄ လုံးကို ၂ ကြိမ်ကျဲချပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့် အတွဲလိုက် ၂ ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ဤတိုက်ခိုက်မှုကြောင့် စာသင်တိုက်မှ သံဃာတော် ၉ ပါး (ကိုရင် ၈ ပါး၊ ရဟန်း ၁ ပါး) နှင့် စစ်ဘေးရှောင်ပြည်သူ ၅ ဦး စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည့်အပြင် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဤဖြစ်စဉ်သည် စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ပြည်သူများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ထင်ဟပ်စေသည်။