တနင်္သာရီတိုင်း၊ ပုလော-မြိတ်ကားလမ်းပေါ်ရှိ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာတွင် တောကြီးမြွေဟောက်တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ဖြုတ်သိမ်းပေးရန် ဒေသခံများနှင့် လမ်းသွားလမ်းလာများက တောင်းဆိုလျက်ရှိသည်။
အဆိုပါဂိတ်တွင် ၁၂ ဘီးတပ်ကားများမှ ၆၀၀,၀၀၀ ကျပ်၊ ခရီးသည်တင်ကားများမှ ၁၀၀,၀၀၀ ကျပ်၊ ခရီးသည်တစ်ဦးလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ငွေကောက်ခံနေသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ဆိုသည်။
သို့သော် သတ်မှတ်ချက်ပမာဏထက် ပိုမိုကောက်ခံခြင်းမရှိဟု တပ်ဖွဲ့ဘက်က ငြင်းဆိုခဲ့ပြီး တပ်ဖွဲ့ဘက်မှ လမ်းသွားလမ်းလာများကို စစ်ဆေးရာတွင် စစ်ကောင်စီတပ်နှင့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်နွှယ်နေသူများကိုသာ စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် လမ်းသွားလမ်းလာများကို စစ်ဆေးရာတွင် ဆဲဆိုကြိမ်းမောင်းခြင်း၊ ကားနှင့်ဆိုင်ကယ်များပေါ်မှ ဆွဲချစစ်ဆေးခြင်း၊ အရက်မူးနေစဥ် ကားသမားများကို ရိုက်နှက်ခြင်းများကြောင့် ဂိတ်ဖြုတ်သိမ်းပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လွန်ခဲ့သည့် လအနည်းငယ်က ထိုဂိတ်မှ ဆိုင်ကယ်နှစ်စီး၊ ကြက်သွန်နီနှစ်အိတ်နှင့် အားကစားပစ္စည်းများကို သိမ်းယူခဲ့သည်ဟု မျက်မြင်သက်သေများက ပြောဆိုသည်။ ထို့အပြင် လမ်းသွားလမ်းလာများထံမှ ဆန်အိတ်များနှင့် အခြားစားသောက်ကုန်များကို ဆွဲချယူငင်ခဲ့သည်ဟု ဆိုသည်။
တောကြီးမြွေဟောက်တပ်ဖွဲ့သည် KNDO တပ်ရင်း(၇)လက်အောက်ခံ တပ်ဖွဲ့ဖြစ်ပြီး ပဝတ်ကုန်းရွာရှိ စစ်ဆေးရေးဂိတ်ကို ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပုလော-မြိတ်ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဂိတ်ပေါင်း ၁၅ ခုခန့်ထက်မနည်း ရှိသည်။

