ဝေါ၊ မတ် (၁၇)- ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်ကျေးရွာအနီး X-Ray စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်တစ်စီးမှ ငွေကျပ် ၃.၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ ရက်၊ နံနက် ၅ နာရီခွဲအချိန်ခန့်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်ကျေးရွာအနီး X-Ray စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့ဘက်သို့ ဝေဖြိုးမောင် (ခ) ကိုဖြိုး မောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာသည့် DONE FENG အမျိုးအစား (၂၂) ဘီးတွဲယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ယာဉ်၏ ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃.၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၅.၃ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
“ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မိုင်းရယ်မြို့က ရန်ကြားရှော့ (ခ) ကုလား ဆိုသူက ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကို ပို့ဆောင်ဖို့ သယ်ဆောင်ခိုင်းခဲ့တာလို့ ယာဉ်မောင်းက ထွက်ဆိုချက်ပေးထားတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြိုးဝေမောင် (ခ) ကိုဖြိုး နှင့် မမာလာကျော် တို့အား မူးယစ်ဆေးဝါး ဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများအား စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မူးယစ်ဆေးဝါးသည် လက်နက်ကိုင်ပဋိပက္ခကို ရှည်ကြာစေနိုင်သည့် အဓိက အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ မူးယစ်ဆေးဝါးကုန်ကူးမှုများသည် ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုကို နှောင့်နှေးစေနိုင်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများသည် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။