ရခိုင်ပြည်နယ်နှင့် ပဲခူးရိုးမအစပ်ကြားရှိ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစစ်တပ်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက မတ်လ ၁၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ နီးပါးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ညောင်ကျိုးစခန်းသည် ပဲခူးတိုင်း၊ ပြည်မြို့တစ်ဖက်ကမ်းရှိ ဥသျှစ်ပင်မြို့နှင့် အနီးကပ်တည်ရှိပြီး ဤသိမ်းပိုက်မှုသည် ပဲခူးတိုင်းကို စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်လာခြင်းဖြစ်သည်။ ထို့အပြင် ညောင်ကျိုးစခန်းအနီးရှိ စစ်ကောင်စီ၏ ကပစစက်ရုံများအတွက်လည်း ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာသည်ဟု စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။
CDM ဗိုလ်ကြီးဇင်ယော်က “ညောင်ကျိုးစခန်းကို စစ်တပ်က လက်လွတ်လိုက်ပြီးရင် ဥသျှစ်ပင်လမ်းဆုံပေါ့။ အဲ့တာပြီးတာနဲ့ ကပစ ၅၊ ၆ နဲ့ ၉ က လုံးဝ အသေနီးပါးလောက် ဖြစ်သွားပါပြီ။ အရင်ဆုံး တိုက်ခိုက်ခံရမှာတော့ ၆ နဲ့ ၉ နဲ့လို့ ထင်တယ်” ဟု ပြောကြားခဲ့သည်။
ကပစ ၆ စက်ရုံသည် သံရည်ကျိုစက်ရုံဖြစ်ပြီး ဤစက်ရုံကို ထိခိုက်ပါက နောက်ဆက်တွဲ ထုတ်လုပ်မှုပိုင်းဆိုင်ရာ စက်ရုံများလည်း အလိုလို ရပ်တန့်သွားမည်ဖြစ်သည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များသည် ယမ်းအသုံးပြုမှု များပြားလွန်းသဖြင့် စစ်ဆင်ရေးများအတွက် လိုအပ်သော ယမ်းပမာဏကို မထုတ်လုပ်နိုင်တော့ဘဲ နိုင်ငံခြားမှ ယမ်းများကို ဝယ်ယူအသုံးပြုနေရသည်ဟု သိရသည်။
“TNT ယမ်းတွေက အရပ်ဖက်မှာလည်း သုံးပါတယ်။ ဖားကန့်လို ကျောက်မိုင်းတွေမှာ သုံးရတာပေါ့။ အဓိကက demand များလာတော့ နောက်က production က မလိုက်နိုင်တော့တဲ့ အခြေအနေဖြစ်နေတာပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီတပ်များသည် TNT ယမ်းများအစား နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားသော ဓာတုအဆိပ်ငွေ့ဗုံးများကို ထုတ်လုပ်အသုံးပြုလာနေသည်ဟု သတင်းများအရ သိရသည်။
AA တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်ဖြစ်သော ပန်းတောင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ဖေဖော်ဝါရီလအစပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယခုသိမ်းပိုက်ထားနိုင်ခဲ့သော ညောင်ကျိုးစခန်းသည် စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်သည့် ကပစ ၆ (သံချက်စက်ရုံ) နှင့် ၁၀ မိုင်သာ ဝေးကွာသော နေရာတွင် တည်ရှိနေသည်။

