ထိုင်းအထူးတပ်ဖွဲ့ ဗဟိုစုံစမ်းရေးဗျူရို-CIB က ပထုံဌာနီပြည်နယ်၊ ရမ်ဆစ်မြို့နယ်နှင့် ဘန်ကောက်မြို့ Ram Intra 65 ရပ်ကွက်ရှိ ဘစ်ကွိုင်းလုပ်ငန်းများကို ယမန်နေ့တွင် ဝင်ရောက်စီးနင်းသိမ်းဆည်းခဲ့သည်။
ဒေသခံများ၏ သတင်းပေးပို့ချက်အရ ကျေးရွာအနီးရှိ စွန့်ပစ်အိမ်များတွင် ဘစ်ကွိုင်းလုပ်ငန်းပြုလုပ်နေကြောင်း စတင်စုံစမ်းခဲ့ပြီး၊ စက်မှုဇုန်အတွင်းရှိ စီးပွားဖြစ်အဆောက်အဦ (၃) ခုနှင့် Ram Intra 65 ရပ်ကွက်ရှိ အိမ်တစ်လုံးတို့တွင် လျှပ်စစ်မီးလိုင်းများ ခိုးယူသုံးစွဲကာ ဘစ်ကွိုင်းလုပ်ငန်းဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ထားသည်ကို ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့သည်။
ရဲများက အိမ်သုံးလုံးကို စစ်ဆေးရာတွင် ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းစက် (၆၃) လုံး၊ တူးဖော်ရေးထိန်းချုပ်ကိရိယာ ၃ ခု၊ ရောက်တာများ၊ အင်တာနက်အချက်ပြအားတိုးစက် ၃ ခု၊ ပြုပြင်မွမ်းမံထားသော လျှပ်စစ်မီတာ ၃ ခု၊ ကွန်ပျူတာ၊ လက်တော့ပ်နှင့် ဘဏ်စာရင်းစာအုပ်များအပါအဝင် သက်သေအထောက်အထားများ သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါအဖွဲ့သည် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဦးဆောင်ပြီး လျှပ်စစ်မီးလိုင်းများကို တိုက်ရိုက်ချိတ်ဆက်၍ မီတာခလုတ်များ ပြုပြင်ကာ ဘစ်ကွိုင်းလုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။
ဤသို့ပြုလုပ်ရာတွင် လျှပ်စစ်ဓာတ်အား ပျက်စီးမှုတန်ဖိုးမှာ ဘတ်ငွေ ၁၁ သန်းကျော်ရှိပြီး သိမ်းဆည်းရသည့်ပစ္စည်းများ၏တန်ဖိုးမှာ ဘတ် ၂ သန်းကျော်ဖြစ်သည်။ စစ်ဆေးစဉ်ကာလအတွင်း မီးကြိုးများမှ မီးခိုးထွက်လာပြီး မီးလောင်မှုအန္တရာယ်မြင့်မားကြောင်း တွေ့ရှိခဲ့သည်။
ဦးဆောင်သူအား စစ်ဆေးရာတွင် ၎င်းသည် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် လျှပ်စစ်အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်နေပြီး စက်ပစ္စည်းများတင်သွင်းခြင်း၊ လျှပ်စစ်စနစ်ဒီဇိုင်းပြုလုပ်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းစဉ်များကို ထိန်းချုပ်ခြင်းတို့ကို ဝန်ခံခဲ့ပြီး ရဲတပ်ဖွဲ့သည် သက်သေခံပစ္စည်းများစုဆောင်းကာ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိသည်။


