ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ မြောက်ဘက်ခြမ်းရှိ ရော်ဘာတောအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ယာယီစခန်းချထားသည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့များက မတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ၁၂၀ မမ ဒရုန်းဗုံးသီးတစ်လုံး ချတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ဒေသခံတစ်ဦးက “မနက် ၁၁ နာရီခွဲလောက်မှာ မော့ကနင်ဘက်က စစ်ကား ၂ စီး နှစ်ကရင်ရွာထဲဝင်လာပြီး ရွာမြောက်ဘက်အခြမ်း သပြေရွာသစ်ဘက်ထွက်သွားတယ်။ သတင်းအတိအကျရထားလို့ ဖြစ်နိုင်တယ်။ စစ်တပ်ဒရုန်းက PDF နေတဲ့နေရာတည့်တည့် မှန်သွားတယ်”ဟု ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး အချို့မှာ ခြေထောက်ဖြတ်လိုက်ရသည်အထိ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
တော်လှန်ရေးထောက်ပို့တစ်ဦးက “ဒရုန်းဗုံးကျမှ စစ်တပ်ရောက်နေမှန်းသိတာ။ ၂ ယောက်ကျသွားတယ်လို့ သိရတယ်။ ရေနက်ဆိပ်ကမ်းဘက်သွားတဲ့လမ်း နှစ်ကရင်လမ်းဝဘက်ခြမ်းမှာ ဖြစ်တာ ရဲဘော်တချို့ ခြေထောက်ဖြတ်လိုက်ရတဲ့အထိ ဒဏ်ရာပြင်းထန်တယ်” ဟု ပြောသည်။
ထိုတိုက်ခိုက်မှုသည် NUG တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃) ဗျူဟာ(၃၃) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း ၂ (ရေးပြောက်ကျားတပ်) ယာယီစခန်းချထားသည့်နေရာတွင် ဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးသတင်းအရင်းမြစ်များ ထံမှသိရသည်။ သို့သော် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတပ်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဤဖြစ်စဉ်သည် ဇန်နဝါရီလ ၃၀ ရက်က သံဖြုဇရပ်မြို့နယ်၊ ဇီးနှစ်ပင်ကျေးရွာတွင် ကရင်ပူးပေါင်းတပ်များ ယာယီစခန်းချထားသည့်နေရာကို စစ်တပ်က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည့် အဖြစ်အပျက်နှင့် ဆင်တူသည်။

