မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ လက်ပံလှကျေးရွာ စျေးတန်းကို ယမန့် (မတ် ၁၄ ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် အသက် ၄ လအရွယ် ကလေးငယ်အပါအဝင် ကလေး ၆ ဦး၊ လူကြီး ၂၁ ဦး စုစုပေါင်း ၂၇ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်။
ကျေးရွာအတွင်း နေအိမ် ၅ လုံး မီးလောင်ပျက်စီးကာ ရုပ်အလောင်းအချို့ မီးကျွမ်းနေသည်ဟု MDY-PDF မှ ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုသည် မန္တလေး-မိုးကုတ် ကားလမ်းဘေးရှိ လူဦးရေစည်ကားသော ကျေးရွာကြီးတွင် ဖြစ်ပွားခဲ့ပြီး နေ့စဉ်ဈေးရက်များတွင် ပြည်သူများ စည်ကားစွာ ရောက်ရှိနေသည့် အချိန်ကို ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်သည်။
ဒေသခံများအဆိုအရ ယခုကဲ့သို့ စစ်ရေးတိုက်ပွဲလုံးဝ မရှိဘဲ အကြောင်းမဲ့ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူအများစုမှာ ဈေးသည်များ၊ ကျေးရွာသူကျေးရွာသားများသာဖြစ်ကြောင်း သိရသည်။
မတ်လ ၄ ရက်ကလည်း ယခုကျေးရွာအား လေကြောင်းဗုံးကြဲမှုပြုလုပ်ခဲ့ပြီး အရပ်သား ၂ ဦး သေဆုံးခဲ့ဖူးသည်။ MDY-PDF ဦးဆောင်သော တော်လှန်ရေးအင်အားစုများက စဉ့်ကူးမြို့နယ်ကို ၂၀၂၃ နှစ်လည်ကတည်းက ထိန်းချုပ်ထားပြီး ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။