မန္တလေးတိုင်းမှ အလိုရှိစာရင်းဝင် တရားခံပြေးတစ်ဦးကို မော်လမြိုင်မြို့၊ အတ္ထရံတံတား (စက်မှုဇုန်ဘက်ခြမ်း) စစ်ဆေးရေးဂိတ်၌ PSMS (Person Scrutinization and Monitoring System) စနစ်အသုံးပြု၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းမှ သိရသည်။
ယနေ့မွန်းလွဲပိုင်း ၁ နာရီခန့်က ဘားအံမြို့မှ မော်လမြိုင်သို့ မောင်းနှင်လာသည့် အဖြူရောင် မြတ်ရတနာမင်း ခရီးသည် ကြိုပို့ယာဉ် (Light Truck) ပေါ်ရှိ ခရီးသည်များကို PSMS စနစ်ဖြင့် စက်မှုဇုန်ရဲစခန်းက တက်ဘလက်သုံး၍ စစ်ဆေးခဲ့သည်။
စစ်ဆေးမှုတွင် ယာဉ်ပေါ်ပါသူ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် စွမ်းပြည့်စုံဆိုသူအား မန္တလေးတိုင်းမှ အလိုရှိစာရင်းဝင်အဖြစ် စနစ်တွင်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါသူအား မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် ဆက်သွယ်အတည်ပြုရာတွင် မိတ္ထီလာမြို့မရဲစခန်းက (ပ)၃၈/၂၂ အမှုဖြင့် ဥပဒေပုဒ်မ-၅၀(ည) (အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ) အရ အလိုရှိကြောင်း အတည်ပြုခဲ့ပြီး လက်ရှိတွင် စက်မှုဇုန်နယ်မြေရဲစခန်းသို့ ပို့ဆောင်၍ ထိန်းသိမ်းထားကြောင်း သိရသည်။