မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်) နှင့် စစ်ကောင်စီတို့ လာမည့်သီတင်းပတ်တွင် အပစ်ရပ်ရေးကိစ္စရပ်များကို ထပ်မံတွေ့ဆုံ ဆွေးနွေးမည့်သတင်းထွက်ပေါ်နေကြောင်း မြောက်ပိုင်းနယ်စပ် သတင်းအရင်းမြစ်များမှ သိရသည်။
မြန်မာစစ်ကောင်စီနှင့် MNDAA တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့သည်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားခဲ့သည်။
ကိုးကန့်တပ်ဖွဲ့ MNDAA လက်အောက်ရှိ ကိုးကန့်၊ ကွတ်ခိုင်၊ သိန္နီနှင့် မုံးကိုးခရိုင်တို့မှ တပ်မှူးများကို တရုတ်အာဏာပိုင်များမှ ကူမင်းမြို့သို့ ယမန်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် နောက်တဖန် မတ်လ ၂၂ ရက်နေ ပြန်လည်တွေ့ဆုံဆွေးနွေးသွားည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ယခင်က နှစ်ဖက်သဘောတူညီချက်အရ လာမည့်ဇွန်လမတိုင်မီတွင် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုတ်ခွာသွားရမည့်သတင်းထွက်ပေါ်နေသော်လည်း ကာယကံရှင်များက အတည်ပြုပြောကြား ခဲ့ခြင်း မရှိပေ။

