တရားမဝင် မြန်မာနိုင်ငံမှ အလုပ်သမားများကို နယ်စပ်မှတဆင့် သယ်ဆောင်လာသည့် စံခလပူရီမြို့နယ်မှ အသက် ၂၃ နှစ်အရွယ် မွန်လူငယ်တစ်ဦးအား ထိုင်းနိုင်ငံသားအဖြစ်မှ ရုတ်သိမ်းလိုက်ကြောင်း ထိုင်းသတင်းများက ယနေ့တွင် ဖော်ပြသည်။
ယင်းကဲ့သို့ တရားမဝင်အလုပ်သမားများကို ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်လာခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေကြောင်း ကန်ချနပူရီပြည်နယ်အာဏာပိုင်က သုံးသပ်ခဲ့ပြီး၊ စံခလပူရီမြို့နယ် ရပ်ကွက် (၂) ဝင်းကကျေးရွာနေ ဝီရပေါင်ဆိုသူအား ထိုင်းနိုင်ငံသားအဖြစ်မှ ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် လုံခြုံရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုအရ၊ ဝီရပေါင်ဆိုသူ၏ လုပ်ရပ်များသည် လူမှုပတ်ဝန်းကျင်အတွက် အန္တရာယ်ဖြစ်စေပြီး၊ နိုင်ငံတော်လုံခြုံရေးကိုပါ ထိခိုက်စေနိုင်သဖြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ပြဋ္ဌာန်းချက် (ပုဒ်မ ၇) နှင့် မတ် ၁၀၊ ၂၀၂၅ ရက်စွဲပါ ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးအမိန့်အရ၊ ၎င်းအား နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။
ကန်ချနပူရီပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မှုခင်းများ၊ တရားမဝင် နိုင်ငံခြားသားများ ခိုးဝင်လာရေးကိစ္စများတွင် ပါဝင်ပတ်သက်သူများအား ထိုင်းနိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခြင်း၊ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့် ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့တွင် ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားသည်။
ယင်းသို့ အမိန့်ထုတ်ပြန်အပြီး နောက်တစ်နေ့ မတ်လ ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်က၊ စိုင်းယော့-ကန်ချနပူရီ လမ်းမကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့များမှ MG ပစ်ကပ်ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာတွင်၊ ယာဉ်မောင်းဖြစ်သူ ဝီရပေါင်က အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ပြေးသဖြင့်၊ အသက်အန္တရယ်ကြားက တရားမဝင် မြန်မာနိုင်ငံသား ၁၁ ဦးနှင့်အတူ နာရီဝက်ခန့်အကြာတွင် ရဲများက ၎င်းအား ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးခံရသူ ဝီရပေါင်သည် လူဝင်မှုကြီးကြပ်ရေးလဝကဌာနမှ ယာယီထုတ်ပေးထားသော 8 ဂဏန်းထိပ်စီးပါ အဝါရောင်ကတ်ပြားမှ ထိုင်းနိုင်ငံသားအဖြစ် ခံယူခဲ့သူဖြစ်သလို၊ ယခုဖြစ်စဉ်တွင် မြန်မာနိုင်ငံမှ တရားမဝင် အလုပ်သမားများအား ကားဖြင့် သယ်ဆောင်လာပြီး လုံခြုံရေးစည်းမျဉ်းဥပဒေများကို ချိုးဖောက်ခဲ့သည်ဟု အာဏာပိုင်တို့က ဆိုသည်။
ဤဖြစ်ရပ်သည် နိုင်ငံသားဖြစ်ခွင့်ကို ပြင်းထန်စွာ အရေးယူသည့် ဥပမာတစ်ခုအဖြစ် ပထမဆုံး မှတ်တမ်းဝင်သွားပြီး၊ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့် မည်သည့်လုပ်ရပ်ကိုမဆို အလားတူ အရေးယူမှုများ ဆက်လက်ပြုလုပ်မည်ဟု အာဏာပိုင်များက သတိပေးထားသည်။


