ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီ၏ ဖိနှိပ်မှုမှ ထွက်ပြေးခိုလှုံနေသော မြန်မာဒုက္ခသည်များအား ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့နေသည့် လုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် အမေရိကန်ပြည်ထောင်စုအရှေ့ဘက်ခြမ်းမှ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက ဝါရှင်တန်ဒီစီက ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြပွဲတရပ်ကျင်းပ၍ ယမန်နေ့က တောင်းဆိုလိုက်သည်။
ထိုသို့ပြန်ပို့ခံရသူများအနက် အများစုမှာ စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုမှ လွတ်မြောက်ရန် ထွက်ပြေးလာသည့် လူငယ်များနှင့် အလုပ်သမားများ ဖြစ်ကြောင်း လှုပ်ရှားသူများက သတိပေးခဲ့သည်။
မြန်မာ့အရေးလှုပ်ရှားသူ ကိုရင်အေးက “စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးလာရတဲ့ လူငယ်တွေ၊ အလုပ်သမားတွေကို ထိုင်းအစိုးရက ဖမ်းပြီး ပြန်ပို့နေတာ စိုးရိမ်စရာပါ။ သူတို့ကို ပြန်ပို့လိုက်တာဟာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုဆီ တန်းပို့နေတာနဲ့ အတူတူပါပဲ။ ဒါကို ချက်ချင်းရပ်ဖို့ လိုပါတယ်။ ထွက်ပြေးလာသူတွေအတွက် တရားဝင် ခိုလှုံခွင့်စနစ်တွေ စီစဉ်ပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ထိုင်းအစိုးရက ယခင်က အကူအညီပေးခဲ့သော်လည်း ယခုအခါ ဖမ်းဆီးပြီး ပြန်ပို့နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထိုင်းအစိုးရအား ဒုက္ခသည်များအတွက် UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းကာ အကူအညီများ ပေးရန်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ စာချုပ် (၁၉၅၁) ကို လက်မှတ်ရေးထိုးထားသည့် ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များအား နှင်ထုတ်ခြင်းမပြုဘဲ UNHCR အပါအဝင် နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းကာ အရေးပေါ်အကူအညီများ ပေးရန် ဝါရှင်တန်ဒီစီအခြေစိုက် လှုပ်ရှားသူများက တောင်းဆိုထားသည်။

