ထိုင်းဘုရင့်တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee က အွန်လိုင်းလိမ်လည်မှု (Call Center Scam) များ တိုးပွားလာနေသည့် ပြဿနာကို ဖြေရှင်းရန် တာ့ခ်ပြည်နယ်ရှိ မြို့နယ် ၅ ခုအား အထူးဇုန်အဖြစ် သတ်မှတ်ရေး အမျိုးသား လုံခြုံရေးကောင်စီ (NSC) ထံ တောင်းဆိုရန် စီစဉ်ထားကြောင်း ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုများ ကာကွယ်နှိမ်နင်းရေး စင်တာ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီး Songwit က မြန်မာနိုင်ငံရှိ ရွှေကုက္ကိုနှင့် KK Park မှ နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်ရေး ကိစ္စကို ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။
ယခုအချိန်ထိ လူဦးရေ ၃,၀၀၀ ကျော်အား ပြန်လည်ပို့ဆောင်ပြီးဖြစ်သော်လည်း မြဝတီမြို့နယ်တွင် နှောင့်နှေးမှုများဖြစ်ပေါ်နေပြီး မဲဆောက်မြို့မှ တစ်နေ့လျှင် လူဦးရေ ၅၀၀ အထိ ပြန်လည်ပို့ဆောင်နိုင်သော်လည်း နိုင်ငံခြားသား ၄,၀၀၀ ခန့်မှာ ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ယခုအချိန်တွင် ကူညီခံစားနေရသည့် အာဖရိကန်နိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးနေဆဲဖြစ်ကြောင်း ၄င်းက ဆိုသည်။
ထို့အပြင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒေသခံအာဏာပိုင်များက တာ့ခ်ပြည်နယ်ရှိ မြို့နယ် ၅ ခုအား အရေးမပါသော ခရီးသွားလာမှုများကို ကန့်သတ်ရန် အထူးဇုန်အဖြစ် သတ်မှတ်ရန် အဆိုပြုထားကြောင်း၊ ရည်ရွယ်ချက်မရှိဘဲ ခရီးသွားလာနေသူများ၊ သင့်လျော်သော ခရီးသွားစာရွက်စာတမ်းများ မပါဘဲ သို့မဟုတ် အတုအယောင်နှင့် မလုံလောက်သော စာရွက်စာတမ်းများဖြင့် ခရီးသွားလာနေသူများကို ဦးတည်ထားကြောင်း ၎င်းက ရှင်းပြခဲ့သည်။
NSC က အဆိုပြုချက်ကို အတည်ပြုပါက ရှင်းလင်းသည့် လမ်းညွှန်ချက်များနှင့် သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုဖြင့် အထူးဇုန်ကြေညာချက်ကို အတည်ပြုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Songwit က ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှု (Call Center Scam) လုပ်ငန်းများတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းများနှင့် ဂြိုလ်တုပန်းကန်ပြားများကဲ့သို့သော ထုတ်ကုန်များနှင့်ပတ်သက်၍ ၎င်းက ယင်းပစ္စည်းများအား တားမြစ်ကုန်စည်များအဖြစ် သတ်မှတ်ရန် အကောက်ခွန်ရုံးနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ထိုင်းနိုင်ငံ၏ ဓါတ်အားလိုင်းပိတ်ချမှုများသည် ရည်ရွယ်ချက်များအား ထိရောက်စေသော်လည်း အွန်လိုင်းလိမ်လည်မှု (Call Center Scam) လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ စီးဆင်းမှုကို ကာကွယ်ရန် နယ်စပ်ထိန်းချုပ်မှုနှင့် ပိုမိုကောင်းမွန်သော စောင့်ကြည့်မှုများ လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဤလုပ်ဆောင်ချက်အားလုံးကို ဝန်ကြီးချုပ် ပေထုန်ထန် ရှင်နာဝပ်ထံ မတ်လ ၂၁ ရက်နေ့တွင် အစီရင်ခံတင်ပြမည်ဖြစ်ပြီး အခြေအနေဆက်လက်ရှိနေပါက တင်းကျပ်သည့် လုပ်ဆောင်ချက်များကို ဆက်လက်ထိန်းသိမ်းထားရန် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ဗိုလ်ချုပ်ကြီး Songwit က ပြောကြားခဲ့သည်။
Ref; Photo- The Nation.