မကြာသေးခင်က စစ်ကောင်စီကပြဌာန်းလိုက်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ အရပ်သားလုံခြုံရေးအမည်ခံနိုင်ငံခြားက လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့အခြေအနေကို ဖန်တီးလိုက်ပါတယ်။
ဒါကြောင့် နိုင်ငံရေးသမားတွေ၊ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒီဥပဒေကို သတိကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားတပ်ဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်အခြေချခွင့်မရှိပေမယ့် အခုပြဌာန်းလိုက်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ရဲ့စီမံကိန်းလုပ်ငန်းတွေအတွက် လုံခြုံရေးအမည်ခံနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေါ်ယူလာနိုင်တော့မှာပါ။
ဒီအချက်က မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်လိုက်တာလို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“စစ်ကောင်စီရဲ့ ၂၀၀၈ အခြေခံဥပဒေက အဲလိုလက်နက်ကိုင်အင်အားစုတွေ မြန်မာနိုင်ငံမှာ ဝင်ရောက်နေရာယူခွင့်ကို ခွင့်မပြုပါဘူး။ ဒါပေမယ့် သူတို့ရဲ့လုံခြုံရေးအတွက် တဖက်က ဘယ်လိုပြဌာန်းချက်တွေရှိပါစေ၊ စစ်ကောင်စီကတော့ လုပ်ချင်သလိုလုပ်နေတာ။ အခုဆိုရင် တရုတ်လုံခြုံရေးကုမ္ပဏီအမည်ခံ လက်နက်ကိုင်အဖွဲ့ အင်အားရာဂဏန်းလောက် ဝင်ရောက်လာတယ်လို့ ကျနော်တို့ သတင်းတွေ ရရှိပါတယ်။ ဒါက ကျနော်တို့တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်လိုက်တာပါ။”
ဒါ့အပြင် စစ်ကောင်စီဟာ တနင်္သာရီတိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ စာချုပ်ချုပ်ဆိုလိုက်တာကြောင့် အဲဒီစီမံကိန်းအတွက် ပုဂ္ဂလိကကုမ္ပဏီအမည်ခံ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေ ဝင်လာနိုင်တယ်လို့လည်း ဦးသန်းစိုးနိုင်က ဆက်ပြောပါတယ်။
“အခုလည်း ရုရှားနဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေ ချုပ်ဆိုလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှား ဝင်ရောက်အလုပ် လုပ်တော့မှာ။ အဲဒါဆိုရင် လုံခြုံရေးအရ တာဝန်ယူ တာဝန်ခံနိုင်စွမ်းမရှိတဲ့ ဒီစစ်ကောင်စီတပ်တွေ သူတို့က ပုဂ္ဂလိကအမည်ခံ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်လာခိုင်းတော့မှာ။ ဒါကလည်း တဖက်က အချုပ်အချာအာဏာပိုင်ဆိုင်မှုကို တမျိုးတမည် လူလည်ကျပြီးတော့ ချိုးဖောက်လိုက်တာပါ။”
ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုံတွေကို ရုရှားအစိုးရ အကောင်အထည်ဖော်ဆောင်ရွက်လာမယ့်အပေါ် အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သတိကြီးကြီး ထားပြီးတော့ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးက မြင်ပါတယ်။
“ဒီစီးပွားရေးဇုံကို ဖျက်ဆီးဖို့ တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ အဲဒီလုံခြုံရေးကုမ္ပဏီက ဝန်ထမ်းတွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်ဖို့ အလားအလာအများကြီးရှိတယ်။ ကုမ္ပဏီအကျိုးစီးပွားထိခိုက်မှုကနေတဆင့် ရုရှားအစိုးရရဲ့ တိုက်ရိုက်ပါဝင်လာမှုတွေလည်း ရှိလာနိုင်တဲ့အတွက်ကြောင့် ဒီနေရာမှာ သတိကြီးကြီးထားပြီးတော့ လုပ်ဆောင်သွားရမှာဖြစ်တယ်”
ဒါ့အပြင် အခုပြဌာန်းလိုက်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေအရ လူတစ်ဦးတစ်ယောက်ချင်းစီက စလို့ အိမ်၊ လုပ်ငန်း၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဘဏ်နဲ့ ရွှေဆိုင်တွေအထိ ပုဂ္ဂလိကလုံခြုံရေးကဏ္ဍတွေမှာ သက်ရောက်မှုရှိလာမှာဖြစ်သလို Private Army လို့ခေါ်တဲ့ လူချမ်းသာတဲ့လူတွေ၊ အမတ်တွေက ကိုယ်ရံတော် တပ်ဖွဲ့ထူထောင်ထားတာမျိုး ဖြစ်လာနိုင်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ တရားမျှတမှုမရှိတဲ့ကိစ္စတွေ အများကြီးဖြစ်လာနိုင်စရာရှိတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။
ဒါ့အပြင် လတ်တလောမှာ သတိထားစရာတွေလည်း ရှိနေပါတယ်။ တော်လှန်ရေးနယ်မြေတွေမှာ ရတနာတူးဖော်ရန် ရုရှားကို စစ်ကောင်စီက ဖိတ်ခေါ်ထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ KIA နဲ့ NUG တို့ ထိန်းချုပ်ရန် ကြိုးစားနေတဲ့ ဖားကန့်၊ ခန္တီး၊ တနိုင်း၊ မိုးညှင်းတို့မှာ ကျောက်မျက်လုပ်ကွက်တွေ ချပေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားကို ကမ်းလှမ်းထားပါတယ်။
ဒီကမ်းလှမ်းမှုတွေကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က မော်စကိုမှာကျင်းပတဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်မှာ ရုရှားဘက်ကို ချပြခဲ့တာပါ။
ဒီပွဲအကြောင်း သိသူတစ်ဦးက ပြောပြချက်အရ ရုရှားစီးပွားရေးသမားတွေ ခြေချရန် မဲဆွယ်တဲ့အထဲမှာ ရခိုင်တပ် (AA) ထိန်းချုပ်ထားတဲ့ နိုင်ငံအနောက်ပိုင်းဒေသကို ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။ ဒီလိုချန်လှပ်ထားမှုက စစ်ကောင်စီနဲ့ ရုရှားတို့အကြား သဘောတူထားတဲ့ မြန်မာ-ရုရှား ငပလီကမ်းခြေအိမ်ရာ စီမံကိန်းကို AA က သိမ်းပိုက်ထားခြင်းနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအမည်ခံနဲ့ နိုင်ငံခြားလက်နက်ကိုင်တပ်ဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်တဲ့အလားအလာကို သတိထားစောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်လိုက်တာလို့ မြန်မာ့နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။