ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်ရှိ ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တစ်စီးအတွင်း သိုဝှက်သယ်ဆောင်လာသည့် ပစ္စတိုသေနတ်များကို ယနေ့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဆိုင်ကယ်၏ ဘေးကာဗာများနှင့် ခြေနင်းအောက် ကာဗာအတွင်းတို့တွင် သိုဝှက်သယ်ဆောင်လာသော ပစ္စတိုသေနတ် ၈ လက်နှင့် ကျည်ဆံများ ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲလို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့ မတ် ၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါ X-Ray စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ကျိုက်ထိုမြို့ဘက်မှ ဝေါမြို့သို့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လိပ်ဆံခွန်ကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ဦးအောင်မြင့်မြတ် ဆိုသူ မောင်းနှင်လာသည့် MON – 61W / 62535 HONDA CLICK အမျိုးအစားဆိုင်ကယ်အား X-Ray စက်ရှေ့ မျက်နှာစာ ကားလမ်းပေါ်တွင် ရဲမေတစ်ဦးက ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ရာ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် အသေးစိတ်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် ကရင်ပြည်နယ် နယ်စပ်ဒေသမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ စစ်လက်နက်ပစ္စည်းများ သယ်ဆောင်ရာတွင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်အား ဖြတ်သန်းစဉ် ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ရှိနေသည့်အတွက် ပြီးခဲ့သည့် မတ်လဆန်းပိုင်းအချိန်က ထို ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအဖွဲ့များမှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
