ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသော စစ်ကောင်စီ၏ ခလရ (၃၁) ပူလူတူစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၃ ရက် ညသန်းခေါင်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ အသေအပျောက်များရှိခဲ့ပြီး ကျန်တပ်သားများ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း ဒေသခံစစ်ရေးအရင်းအမြစ်များက ထုတ်ပြန်ထားသည်။
KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၇ ရက်က စတင်၍ ခလရ ၃၁ စခန်းအား ဝန်းရံတိုက်ခိုက်ခဲ့ပြီး ၁၅ ရက်ကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မတ် ၁၃ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်များ စခန်းမှ ဆုတ်ခွာသွားချိန်၌ ပူးပေါင်းတပ်ဖွဲ့များက စခန်းကို လုံးဝထိန်းချုပ်နိုင်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အသုံးပြုခုခံခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များ၏ စီမံချက်ကျနမှုကြောင့် စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းပြိုလဲပြီးနောက် စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ထိုင်းနယ်စပ်ကိုဖြတ်ကျော်၍ တဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း၊ ထိုင်းစစ်တပ်၏ နရေစွမ်အမှတ် (၃၅) ခြေမြန်တပ်ရင်းက ထိုတပ်သားများအား လက်ခံစောင့်ရှောက်ထားကြောင်း၊ သို့သော် လက်ရှိစောင့်ရှောက်ထားသည့် တပ်သားအရေအတွက်နှင့် သူတို့၏အခြေအနေကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ထိုင်းနယ်စပ်တာဝန်ရှိသူများက စစ်ကောင်စီတပ်သားများအား “လူသားချင်းစာနာမှုအရ” ယာယီခိုလှုံခွင့်ပေးထားပြီး အခြေခံလိုအပ်ချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်နှင့် လုံခြုံရေးကို ဖြည့်ဆည်းပေးထားကြောင်း ပြောဆိုခဲ့သည်။
သို့ရာတွင် မြန်မာဘက်မှ တိုက်ခိုက်မှုများ ထိုင်းနယ်မြေသို့ မကျရောက်စေရန် နယ်စပ်တစ်လျှောက် ထိုင်းစစ်တပ်က အင်အားတိုးမြှင့်ထားသည်။
ခလရ ၃၁ တပ်ရင်းသည် မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့၌ တပ်ရင်းဌးနချုပ်ရုံးအခြေစိုက်ထားသော်လည်း ရှေ့တန်းစစ်မျက်နှာ ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ မဟာဗျူဟာကျသော ပူလူတူစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။
KNLA နှင့် စစ်ကောင်စီတို့အကြား လွန်ခဲ့သော လအနည်းငယ်အတွင်း ဤဒေသတွင် တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူထောင်ချီ နေရပ်စွန့်ခွာခဲ့ရသည်။






