မတ်လ ၁၂ ရက်
သင်္ကြန်ပွဲတော်ကာလအတွင်း နေရပ်ပြန်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် Re-Entry တုံး (အဝင်/အထွက် တုံး) ထုစရာမလိုဘဲ ပြန်လာနိုင်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများအား သင်္ကြန်ကာလအတွင်း ဧပြီလ ၁ ရက်မှ မေလ ၁၅ ရက်အထိ နေရပ်ပြန်ခွင့်ပြုထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “Re-Entry Permit လျှောက်ထားရန် မလိုဘဲ သတ်မှတ်ရက်အတွင်း ကင်းလွတ်ခွင့်ရတဲ့ သဘောဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံကလူတွေကတော့ ပြန်ဖို့မလွယ်ကူပါဘူး။ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအခြေအနေတွေကြောင့်ပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပတ်စပို့နှင့် ဗီဇာသက်တမ်းတိုးခြင်းကိစ္စများကို ထိုင်းနိုင်ငံအတွင်း၌ပင် ဆောင်ရွက်နိုင်ခွင့်ရရှိမည်ဟု သိရသည်။ သို့သော် ယခင်က ဗီဇာသက်တမ်း (၂) နှစ် ရရှိခဲ့သော်လည်း ယခုအခါ (၁) နှစ်သာ သက်တမ်းတိုးခွင့်ရရှိမည်ဖြစ်သည်။
ထိုင်းအလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများသည် မတ်လ ၁၁ ရက်က နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေး မူဝါဒကော်မတီ (ALMPC) ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
Source; Khaosod English

