ယခုရက်ပိုင်းအတွင် ရုရှားနိုင်ငံမှပြန်ရောက်လာသော စစ်ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံးတွင် တရုတ်နိုင်ငံအာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်း (H.E. Mr. Deng Xijun) နှင့် မတ် ၁၁ ရက် ညနေပိုင်းက တွေ့ဆုံခဲ့သည်။
ယခုတွေ့ဆုံပွဲ၌ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးအပါအဝင် အဓိကကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုများနှင့် နစက၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အပြုသဘောထောက်ခံကာ နည်းပညာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုဆိုင်ရာ ပူးပေါင်းကူညီမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု တိန့်ရှီကျွင်း ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အား တရုတ်နိုင်ငံက နိုင်ငံရေးနှင့် စီးပွားရေးအရ ပံ့ပိုးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားတည်ငြိမ်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းမည့် အစီအစဉ်များ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများကို အရှိန်မြှင့်တိုက်ဖျက်ရာတွင် တရုတ်နိုင်ငံမှ နည်းပညာနှင့် သတင်းအချက်အလက်မျှဝေမှုများ ပြုလုပ်သွားမည်ဟု သဘောတူညီခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းများ ပိုမိုစနစ်တကျဖြစ်စေရန်၊ နှစ်နိုင်ငံနယ်စပ်တွင် စည်းမျဉ်းမဲ့ကုန်သွယ်မှုများ လျှော့ချရန် နှင့် စီးပွားရေးအကျိုးတူပူးပေါင်းမှုများ တိုးမြှင့်ရန် လမ်းညွှန်ချက်များ ချမှတ်ခဲ့သည်။
မြန်မာဘက်မှ ဥက္ကဋ္ဌ မင်းအောင်လှိုင်အပြင် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်ထွန်းနောင် နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်ဘက်မှ သံရုံးတာဝန်ရှိသူများလည်း ပါဝင်ခဲ့သည်။
ယခုတွေ့ဆုံမှုသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေးအရ မဟာဗျူဟာမြောက်ပံ့ပိုးမှုကို ထင်ဟပ်စေပြီး၊ နစက၏ ရွေးကောက်ပွဲအား နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းမှုတွင် တရုတ်၏သဘော ထားကို မီးမောင်းထိုးပြနေသည်။

