ထားဝယ်ဒေသကို ရုရှားစီမံကိန်းတွေ ဝင်ရောက်လာမယ့်အချိန်မှာ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး မြေကွက်ဖော်ရောင်းစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အထူးသဖြင့် တနင်္သာရီတိုင်း လောင်းလုံမြို့နယ် မြို့ဟောင်းရွာအနီးရှိ သာဂရမြို့ဟောင်းနေရာမှာ ဒေသတွင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗထူးတပ်မတော်နဲ့ ဒေသခံလုပ်ငန်းရှင်တချို့ ပူးပေါင်းပြီး မြေကွက်ရိုက်ရောင်းချနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်မှာ သာဂရမြို့ဟောင်း မြို့ရိုးကို စက်ယန္တယားတွေနဲ့ မြေညှိ၊ မြေဖို့ပြီး အကွက်ရိုက်ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လကလည်း မြို့ဟောင်း မြို့ရိုးအနီးတဝိုက်ကို အလားတူဖြိုချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီဒေသမှာ အဓိက လှုပ်ရှားနေတဲ့ ဗထူးတပ်မတော်အမည်ရ ကာကွယ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မြို့ဟောင်းအနီးတဝိုက်ကို မြေကွက်ဖော်ဆောင်ဖို့ ပြုပြင်နေတယ်လို့ သပိတ်ကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စီးပွားရေးသမားတွေပေါ့။ ကုမ္ပဏီအကြီးကြီးတွေ မဟုတ်ဘူး။ မြေပိုင်ရှင်နဲ့ ပိုက်ဆံရှိတဲ့သူတွေနဲ့ ပေါင်းပြီး မြေဖို့၊ အကွက်ရိုက်တာတွေ လုပ်နေတာ။ အဲဒီလို လုပ်ဖို့ ခွင့်ပြုတာက ဗထူးတပ်မတော်။ မြေကွက်ရိုက်ဖို့၊ မြေဖို့ဖို့ကို (ဗထူးတပ်မတော်ထံမှ) ခွင့်ပြုချက်ယူရတယ်” လို့ သပိတ်ကော်မတီက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ မြေညှိ၊ မြေဖို့ပြီး အကွက်ရိုက်ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ဧရိယာက ဧက ၅၀ ထက်မနည်း ရှိနေပြီး ရောင်းရချထားတဲ့အခြေအနေ ရှိမရှိကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလို မြို့ဟောင်းနေရာကို မြေကွက်ဖော်ရောင်းချဖို့ ပြင်ဆင်နေတဲ့ စီးပွားရေးသမားတွေက ကုမ္ပဏီကြီးတွေ မဟုတ်ဘဲ ဒေသခံတချို့ဖြစ်တယ်လို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနိုင်ခြင်း မရှိသေးပါဘူး။
ရှေးဟောင်းယာဉ်ကျေးမှုနယ်မြေကို ဖြိုချဖျက်ဆီးနေတဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သာဂရမြို့ဟောင်းဟာ ယဉ်ကျေးမှုကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ နယ်မြေဖြစ်ပြီး မြို့ရိုးကို စက်ယန္တယားကြီးတွေနဲ့ ဖြိုချနေမှုကို ချက်ချင်းရပ်တန့်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနချုပ်က ဖေဖော်ဝါရီ ၁၆ ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ လိုက်နာခြင်းမရှိရင် ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗထူးတပ်မတော်ဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ လက်နက်ကိုင်တပ်မဟုတ်ဘဲ သီးခြားရပ်တည်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။ မြို့ဟောင်းကို ဖျက်ဆီးပြီး မြေကွက်ရိုက်နေတဲ့အဖြစ်အပျက်အတွက် ဗထူးတပ်မတော်ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း သာဂရမြို့ဟောင်း မြို့ရိုးတောင်ဘက်ရှိ ဒုတိယမြို့ရိုးနေရာကို ဖြိုချပြီး မြေကွက်ရိုက်ရောင်းချမှုတွေ ရှိခဲ့ဖူးတယ်လို့ ဒေသအခြေစိုက် Dawei Watch သတင်းဌာနက ဖေဖော်ဝါရီ ၁၆ ရက်မှာ ရေးသားထားပါတယ်။
သာဂရမြို့ဟောင်းဟာ နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီဖြစ်ကာ မြို့ရိုး ၃ ထပ်ပါရှိတဲ့ မြို့ဟောင်းတစ်မြို့ဖြစ်ပါတယ်။ မြို့ရိုးဟာ အရှေ့အနောက် ၁ မိုင်ခန့်ရှိပြီး တောင်မြောက် မိုင်ဝက်ခန့်ရှိကာ မြို့အတွင်းဧရိယာက ဧက ၁၃၀ ခန့်ရှိပြီး မြို့ပြင်ဧရိယာက ဧက ၂၆၀ ရှိတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ရှေးဟောင်း သာဂရမြို့ရိုးကို ဖျက်ဆီးနေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG အစိုးရရဲ့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဗထူးတပ်မတော်ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်မှု လုံးဝမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ “အခုလက်ရှိအခြေအနေကို ကျနော်တို့သိထားပါတယ်။
သူ့(မြေပိုင်ရှင်ဆိုသူ)ကိုယ်ပိုင်ပစ္စည်းကို သူလုပ်နေတယ်လို့ပဲ ကျနော်တို့သိရတယ်။ ရှေးဟောင်းအမွေအနှစ်ဆိုရင် သူ့အမည်နဲ့ထွက်လို့ မရဘူးလို့ ကျနော်တို့ထင်တယ်။ အခုလက်ရှိ မျက်မြင်မှာတော့ သိရတာ မြေတွေ တောင်ကလေးလိုပဲ။ နဂိုလမ်းအနေအထားနဲ့ဆိုရင် အမြင့်က လေးပေခွဲ၊ ငါးပေလောက်ရှိတယ်။ မြေကုန်းလိုပုံစံပေါ့ခင်ဗျ။ ဒီနားမှာ ဥယျာဉ်ခြံ သစ်ပင်တွေလည်းရှိတယ်။ ဒီတောင်ကုန်းလေးကို သူတို့ဖြိုပြီး ညှိချလိုက်တာပေါ့။ အဲလိုတော့မြင်ရတယ်” လို့ ဗထူးတပ်မတော်က တပ်ရင်းမှူး ရဲဘော်မမကြီးက ပြောပါတယ်။
လက်ရှိမှာတော့ ပကဖအဖွဲ့တွေနဲ့ အနီးအနားမှာရှိတဲ့ မဟာမိတ်အဖွဲ့တွေကပါ သာဂရရှေးဟောင်းဇုန်ကို ထိန်းသိမ်းဖို့အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်ထားတာရှိသလို နှိုးဆော်ထားတာလည်း ရှိတယ်လို့ သိရပါတယ်။