မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု (Trilateral Cooperation) ဖြင့် အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် လောင်းကစားမှု (Online Gambling) လုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၂၆၆ ဦးနှင့် မလေးရှားနိုင်ငံသား ၂၅ ဦးအား မတ် ၁၁ ရက်က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာမှုနှင့် နိုင်ငံတကာဥပဒေများကို အခြေခံ၍ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့အပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၄၇ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများက ပြည်နှင်လွှဲပြောင်းမှုလုပ်ငန်းစဉ်များ စနစ်တကျပြီးစီးစေရန် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အိန္ဒိယနှင့် မလေးရှားသံရုံးတာဝန်ရှိသူများ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများ ပူးပေါင်းပါဝင်ခဲ့သည်။
ဇန်နဝါရီ ၃၀ ရက်မှ မတ် ၁၁ ရက်အတွင်း မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၅,၄၄၆ ဦးအနက် ၂,၇၆၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏မူလနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်ရှိသူ ၂,၆၈၃ ဦးအား လွှဲပြောင်းရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုစင်တာများနှင့် ဆက်စပ်နေသူများ၊ လူကုန်ကူးမှုခံရသူများကို ကယ်တင်ရှာဖွေကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းလျက်ရှိသည်။
Photo-Khaosod English

