ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စွန်ဝစ် နွန်ဖက်ဒီ (General Songwit Noonpakdee) သည် ယနေ့နံနက်ပိုင်းတွင် ဘုရားသုံးဆူနယ်ခြားသို့ လာရောက်ကာ နယ်မြေခံတပ်မတော်သားများနှင့် တွေ့ဆုံခဲ့သည်။
ဗိုလ်ချုပ်ကြီး စွန်ဝစ် နွန်ဖက်ဒီသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကာကွယ်ရန်နှင့် ဖြေရှင်းရန် ဦးဆောင်သည့် စင်တာမှ ညွှန်ကြားရေးမှူးအဖြစ် နယ်စပ်ဒေသသို့ သွားရောက်ကာ အခြေအနေများကို စစ်ဆေးကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းသည် စူရာဆီတပ်ဖွဲ့၏ တာဝန်ယူမှုနယ်မြေအတွင်း အရေးကြီးလုပ်ငန်းဆောင်တာများနှင့် လက်ရှိအခြေအနေများကို သိရှိရန် နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့များထံမှ အခြေအနေအစီရင်ခံစာများကို နားထောင်ခဲ့သည်။
ထိုသို့ သွားရောက်စဉ် တပ်မဟာ(၁) စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အမ်မရစ် ဘွန်ဆူယာ၊ အမှတ် (၉) တပ်မမှူး ဗိုလ်မှူးချုပ် အစ္စတာဝါသ် ပန်ယာရချွန်၊ စူရာဆီတပ်မှူး ဗိုလ်မှူးကြီး ပန်ဆက် ပရိယောပန်နစ်၊ လတ်ယား တပ်ဖွဲ့မှ ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ပီယာနက် ဘတ်တရာဆာဝတ်ဝမ်း တို့အပါအဝင် နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုခဲ့ကြသည်။
ထို့နောက် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နယ်စပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်လာသူများနှင့် နိုင်ငံတကာ မှောင်ခိုမှုများကို ထိန်းချုပ်ဖြေရှင်းရန် အရေးကြီးလုပ်ငန်းဆောင်တာများ အစီရင်ခံစာကို နားထောင်ခဲ့သည်။
ဘုရားသုံးဆူနှင့်ပတ်သက်သည့် အစီရင်ခံခြင်းများ ပြီးဆုံးသွားပြီးနောက် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဘုရားသုံးဆူရှိ နယ်ခြားစောင့်ကြည့်ရေးစခန်း၊ ဘုရားသုံးဆူကျေးရွာနှင့် နယ်စပ်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားခဲ့သည်။
ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဘုရားသုံးဆူနယ်စပ်သို့ မလာရောက်မီ နာရီပိုင်းခန့်အလိုတွင် စံခလပူရီမြို့ရှိ အမှတ် ၁၃၄ နယ်ခြားစောင့်တပ်ဖွဲ့ရုံး၌ ဒေသခံအာဏာပိုင် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ရာ မြဝတီ-မဲဆောက်ဒေသရှိ ကျားဖြန့်နှိမ်နင်းရေးနှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း ဒေသအခြေစိုက် ထိုင်းသတင်းများက ဖော်ပြသည်။
Crd- CaoCao