တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeongsang ပြည်နယ်အတွင်းရှိ Yeongyang စီရင်စုသည် လူဦးရေအလျင်အမြန်ကျဆင်းနေမှုကို ရင်ဆိုင်နေရပြီး ယင်းပြဿနာဖြေရှင်းရန် မြန်မာဒုက္ခသည် ၄၀ ခန့်အား ကျေးရွာတွင် အခြေချနေထိုင်စေရန် စီစဉ်နေကြောင်း The Korea Herald သတင်းစာက မတ်လ ၁၂ ရက်က ဖော်ပြသည်။
ကုလသမဂ္ဂဒုက္ခသည်များ ကော်မရှင် (UNHCR) ၏ အကူအညီဖြင့် ယင်းဒုက္ခသည်များအား ဒေသခံအဖြစ် စနစ်တကျအသိအမှတ်ပြုရေး ဆွေးနွေးမှုများကို တရားရေးဝန်ကြီးဌာနနှင့် ဒေသအာဏာပိုင်များက လုပ်ဆောင်နေသည်။
Yeongyang သည် တောင်ကိုရီးယား၏ လူဦးရေအနည်းဆုံးခရိုင်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် လူဦးရေ ၂၀,၀၀၀ အောက်သာ ရှိခဲ့ကာ ယခု ၂၀၂၃ ဖေဖော်ဝါရီတွင် ၁၅,၂၀၀ သို့ ကျဆင်းလာခဲ့သည်။ အာဏာပိုင်များက ဤနှစ်ကုန်တွင် ၁၅,၀၀၀ ပင် မပြည့်နိုင်ဟု ခန့်မှန်းထားသည်။
လွန်ခဲ့သော နှစ် ၂၀ အတွင်း နှစ်စဉ် မွေးဖွားသူ ၁၀၀ ခန့်နှင့် သေဆုံးသူ ၂၀၀ အထိ ကွာဟမှုရှိခဲ့ပြီး လူဦးရေတိုးတက်ရန် ကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပေ။
လူဦးရေတိုးလာစေရန် ဒေသအာဏာပိုင်များက မိသားစုတစ်စုလျှင် အမေရိကန်ဒေါ်လာ ၆၈,၀၀၀ (ကျပ် သိန်းပေါင်း ၁,၄၀၀ ခန့်) ထိ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း ၂၀၂၂ တွင် ကလေး ၂၅ ဦးသာ မွေးဖွားပြီး သေဆုံးသူ ၃၀၀ ရှိခဲ့သည်။ ရာသီဥတုဆိုးဝါးမှု၊ စီးပွားရေးအခက်အခဲနှင့် လူငယ်များ မြို့ကြီးများသို့ ရွှေ့ပြောင်းမှုတို့ကြောင့် လူဦးရေကျဆင်းမှုကို ထိန်းချုပ်ရန် ခက်ခဲနေသည်။
ယခုအစီအစဉ်အရ ဒုက္ခသည်များအား ပိတ်သိမ်းထားသော ကျောင်းများကို နေအိမ်အဖြစ် ပြောင်းလဲပေးမည်ဖြစ်ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းအဖြစ် မြင်ကာ လက်ခံရန် စဉ်းစားနေသည်။ သို့သော် ရာသီဥတုပြင်းထန်မှုနှင့် လူဦးရေနည်းပါးသော ကျေးလက်ဒေသဖြစ်သည့်အတွက် ဒုက္ခသည်များ၏ လိုက်လျောညီထွေရှိမှုကို စောင့်ကြည့်ရမည်ဖြစ်သည်။
Yeongyang အာဏာပိုင်များက “လူဦးရေအရှိန်အဟုန်ဖြင့် ကျဆင်းနေသည့် ဤဒေသတွင် နိုင်ငံတကာမှ လူသစ်များ ရောက်လာပါက ကျေးလက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်” ဟု မျှော်လင့်ထားကြောင်း သိရသည်။
Photo-Yeongyang စီရင်စု



