ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ စိုင်းယော့မြို့နယ်ရှိ စိုင်းယော့-ကန်ချနပူရီ လမ်းမကြီးပေါ်၌ ယနေ့ (မတ်လ ၁၁ ရက်) နေ့လယ် ၁၂ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့များမှ MG ပစ်ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း ယာဉ်မောင်းက အရှိန်ပြင်းစွာဖြင့် ထွက်ပြေးခဲ့ရာ မိနစ် ၃၀ ကြာခန့် လိုက်လံဖမ်းဆီးမှုအပြီး ကျေးရွာတစ်ခုအနီးတွင် ယာဉ်အား ရပ်တန့်စေကာ မောင်းသူအပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးအား ဖမ်းဆီးနိုင်ခဲ့သည်။
လုံထိန်းရေးတပ်ဖွဲ့ဝင်များက လမ်းမကြီးပေါ်တွင် ပုံမှန်လုံခြုံရေးစစ်ဆေးမှုပြုလုပ်စဉ် MG ပစ်ကားအား ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း အသက် ၂၃ နှစ်ခန့် မွန်လူငယ်ယာဉ်မောင်းက အရှိန်မြှင့်၍ ကျေးရွာလမ်းခွဲများအတိုင်း မိနစ် ၃၀ ကြာ မောင်းပြေးသွားခဲ့သည်။
သို့သော် နောက်ဆုံးတွင် ကျေးရွာတစ်ခုအနီး၌ ယာဉ်အား ဝိုင်းရံရပ်တန့်ကာ ဖမ်းဆီးနိုင်ခဲ့ပြီး ယာဉ်အတွင်း၌ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး၊ ကလေး ၂ ဦးတို့ကို တွေ့ရှိရသည်။
ဖမ်းဆီးခံရသူ ယာဥ်မောင်း၏ထွက်ဆိုချက်အရ ၄င်းမြန်မာအလုပ်သမားကို ကန်ချနပူရီပြည်နယ်အတွင်းရှိ လျှို့ဝှက်တစ်နေရာသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ဘန်ကောက်မြို့တော်ဘက်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း၊ ၄င်းမြန်မာနိုင်ငံသားများမှာ ဘုရားသုံးဆူမြို့မှ တရားမဝင် ဖြတ်သန်းဝင်ရောက်လာပြီး လှေ၊ ကားများဖြင့် အကြိမ်ကြိမ် လွှဲပြောင်းခံခဲ့ရကြောင်း သိရသည်။
ယာဉ်မောင်းအား “တရားမဝင်ဝင်ရောက်သူများအား ဖြတ်ကျော်ခိုလှုံခွင့်ပြုမှု” စွဲချက်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားများအား “ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှု” စွဲချက်ဖြင့်လည်းကောင်း တရားစွဲဆိုသွားမည်ဖြစ်သည်။
ကန်ချနပူရီ လူဝင်မှုကြီးကြပ်ရေးအရာရှိက ယင်းကဲ့သို့ မော်တော်ယာဥ်ဖြင့် အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခြင်သည် အလွန်အန္တရာယ်များပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း” သတိပေးပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မှုခင်းများ၊ တရားမဝင် နိုင်ငံခြားသားများ ခိုးဝင်လာရေးကိစ္စများတွင် ပါဝင်ပတ်သက်သူများအား ထိုင်းနိုင်ငံသားဖြစ်ခွင့် ရုတ်သိမ်းခြင်း၊ နိုင်ငံခြားသားများအား ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့် ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးက ယမန်နေ့တွင် အမိန့်ထုတ်ပြန် ကြေညာခဲ့သည်။
Ref; CaoCao