ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် BGF (ကရင်နယ်ခြားစောင့်တပ်) မှ ဖွဲ့စည်းခဲ့သော အထူးတပ်ဖွဲ့က ဂိုဏ်းခေါင်းဆောင်အနည်းဆုံး ၆ ဦးအား ဖမ်းဆီးထားပြီး ဝန်ထမ်း ၅,၀၀၀ ကျော်ကို ထိန်းသိမ်းထားကြောင်း BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော် က ယနေ့(မတ် ၁၂ ရက်) တွင် ရွှေကုက္ကိုမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
BGF သည် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် ဖေဖော်ဝါရီ ၁၂ ရက်က ကျားဖြန့်နှိမ်နင်းရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ လုပ်ငန်းစဉ် တလပြည့်ချိန်တွင် ရလဒ်များ ထင်ရှားစွာ ရရှိလာခြင်း ဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၅ ရက်က ထိုင်းနိုင်ငံမှ မြဝတီသို့ ပေးအပ်နေသော လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ခဲ့ခြင်းဖြင့် ကျားဖြန့်လုပ်ငန်းများ လျော့နည်းလာစေရန် ကြိုးပမ်းခဲ့သည်။
ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ကျားဖြန့်လုပ်ငန်းတွေဟာ မြဝတီမြို့နဲ့ ပတ်ဝန်းကျင်မှာ ကြီးထွားလာနေတာကို တွေ့ရတဲ့အတွက် ဒီလိုနှိမ်နင်းရေး လုပ်ငန်းတွေ စတင်ခဲ့တာပါ။ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ဝန်ထမ်းတွေကို ထိန်းသိမ်းထားတယ်။ ဒီလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ပေးနေပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် တလအတွင်း ကျားဖြန့်လုပ်ငန်းများတွင် အတင်းအကျပ် အလုပ်ခိုင်းစေခံရသည့် နိုင်ငံခြားသား ထောင်ချီအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ သက်ဆိုင်ရာနိုင်ငံများမှ လေယာဉ်ဖြင့် ၎င်းတို့အား လာရောက်လွှဲယူနေပြီဖြစ်သည်။
ရွှေကုက္ကိုမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲသို့ မြန်မာနှင့် ထိုင်းရုပ်သံသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကာ သတင်းယူခဲ့ကြသည်။ BGF ၏ စနစ်တကျ စစ်ဆေးနှိမ်နင်းမှုများကြောင့် ကျားဖြန့်လုပ်ငန်း လှုပ်ရှားမှုများ သိသာစွာ လျော့နည်းလာခြင်းနှင့် နိုင်ငံတကာပူးပေါင်းမှုဖြင့် လူကုန်ကူးမှုခံရသူများအား ကယ်တင်နိုင်ခြင်းတို့ကို အသေးစိတ် ဆွေးနွေးခဲ့သည်။
BGF သည် ကျားဖြန့်လုပ်ငန်းများ ပြန်လည်မပေါ်ပေါက်စေရန် နှင့် လူကုန်ကူးမှုများ ကာကွယ်နိုင်ရန် ထိုင်းနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။