တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုပါတီတစ်ခုဖြစ်သည့် ပြည်သူ့ပါတီ (PP) မှ မုဒုံမြို့နယ်ပါတီရုံးကို မတ်လ (၉) ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီ၏ မူဝါဒနှင့် ရည်ရွယ်ချက်များတွင် နိုင်ငံသားတိုင်း၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ ဆင်းရဲ၊ ချမ်းသာ စသည့် အဆင့်အတန်းခွဲခြားမှု မရှိစေရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရရှိစေရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့် အချက်များ ပါဝင်သည်။
ပါတီသည် လူမျိုး၊ ကျား၊ မ၊ ဆင်းရဲ၊ ချမ်းသာ ခွဲခြားမှုမရှိဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို တန်ဖိုးထားသည့် ပါတီဖြစ်ပြီး တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်ထားကြောင်း ဗဟိုပြည်သူ့ပါတီ တည်ထောင်သူနှင့် မွန်ပြည်နယ်ပြည်သူ့ပါတီ တာဝန်ခံ ဦးအောင်ကိုဝင်းသန်း က ပြောကြားသည်။
ဦးအောင်ကိုဝင်းသန်း က “နိုင်ငံရေးဆိုတာ နိုင်ငံ့အရေးကို ဆောင်ရွက်ခြင်းလို့ ကျနော်နားလည်ထားပါတယ်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဆိုလည်း မမှားပါဘူး။ မွန်ပြည်နယ်မှာ အများဆုံးကြုံတွေ့နေရတာက လယ်ယာမြေကိစ္စ၊ မှတ်ပုံတင်ကိစ္စနှင့် ပြစ်မှုဆိုင်ရာကိစ္စတွေပါ။ လတ်တလောမှာ ပါတီအနေနဲ့ ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု ဆိုသည်။
ထို့အပြင် နိုင်ငံရေးသမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဦးတည်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာမှ အလုပ်အကျွေးပြုသူများ များပြားလာမှသာ နိုင်ငံရေးယဉ်ကျေးမှု တိုးတက်လာမည်ဟု ၎င်းက ယုံကြည်ကြောင်း ပြောကြားသည်။
ပြည်သူ့ပါတီသည် မွန်ပြည်နယ်အတွင်း ကျိုက်မရောနှင့် မုဒုံမြို့နယ်များတွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီး၊ မကြာမီ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်များတွင်လည်း ပါတီရုံးများ ဖွင့်လှစ်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
ပြည်သူ့ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ အခန်း (၂) ပုဒ်မ ၃ အရ မှတ်ပုံတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ဥပဒေပုဒ်မ ၉ အရ ဗဟိုကော်မရှင်မှ ပါတီတည်ထောင်ခွင့်ပြုချက်ရရှိထားသည့်
တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုပါတီတစ်ခု ဖြစ်သည်။


